Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, September 4, 2019

၁၇ ရာစုကိုလိုနီခေတ်နဲ့အတူ မှော်ဆန်တဲ့ဂိမ်းလောကကြီးထဲမှာ တစ်မူထူးတဲ့ဂိမ်းကစားဟန်နဲ့ RPG အရသာသစ်ကိုပေးစွမ်းမယ့် Greedfall



ကျွန်တော်တို့ဂိမ်းချစ်သူအများစုဟာ အမျိုးအစားကွဲပြားတဲ့ဂိမ်းမျိုးစုံကို ဆော့ကစားရတာကို နှစ်ခြိုက်ရုံသာမက ဂိမ်းလောကအကျယ်ကြီးထဲမှာ ကိုယ်ကြိုက်တဲ့ကစားဟန်နဲ့ ဇာတ်လမ်းကို တစ်စတစ်စရှေ့ဆက်သွားရတဲ့ RPG (Role Playing Game) ဂိမ်းတွေကိုလည်း အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။ RPG အမျိုးအစားထဲက ဂိမ်းပရိသတ်အားလုံးကြိုက်နှစ်သက်ကြတဲ့ နာမည်ကျော်ဂိမ်းတွေအနေနဲ့ ဟိုး ၂၀ ရာစုကတည်းက ဂိမ်မာတွေရဲ့ငယ်ဘဝတွေကို အရောင်စုံလင်စေခဲ့တဲ့ Legend of Zelda, ကမ္ဘာသစ်တစ်ခုကိုခေါ်ဆောင်သွားသလို ခံစားချက်ကိုပေးစွမ်းတဲ့ The Elder Scrolls စီးရီးနဲ့ Skyrim, အကြမ်းတမ်းဆုံးအက်ရှင်တွေနဲ့ ရင်ထိတ်သည်းဖိုစရာ The Witcher စီးရီး အစရှိသဖြင့် လက်ချိုးရေတွက်လို့မရလောက်အောင်ပါပဲ။ ကဲ အခုဒီဆောင်းပါးမှာလည်း အဲဒီလိုပဲရင်ခုန်ဖို့ကောင်းတဲ့ RPG ဂိမ်းတစ်ခုကို ဂိမ်းပရိသတ်အားလုံးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပြီး ဂိမ်းရဲ့နောက်ခံဇာတ်အိမ်ဇာတ်ကြောင်း၊ ကစားဟန်၊ ထူးခြားချက်တွေနဲ့ ရေးဆွဲထုတ်လုပ်သူတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီတော့ အဆင်သင့်ပဲဆိုတဲ့သူများအနေနဲ့ ဆက်လက်ပြီးဖတ်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ရာစုသစ်ဂိမ်းလောကရဲ့ RPG အမျိုးအစားကို Greedfall ဂိမ်းအနေနဲ့ ဘယ်လိုမျိုးအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်လိုက်ရအောင်လားဗျာ။


Greedfall ဂိမ်းကိုဘယ်သူတွေကဖန်တီးရေးဆွဲပြီး ဘယ်သူတွေကထုတ်လုပ်ဖြန့်ချိမှာလဲ?

ပြင်သစ်နိုင်ငံအခြေစိုက်ဖြစ်ပြီး သစ်လွင်တဲ့အိုင်ဒီယာ၊ ဂိမ်းဒီဇိုင်းတွေနဲ့ ဂိမ်းဖန်တီးသူအသစ်အဖွဲ့ဖြစ်တဲ့ Spiders Development ကနေ ဒီဂိမ်းကို ရေးဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ငြိမ်သက်တဲ့ဇာတ်ကြောင်းနဲ့ ဆက်စပ်စဉ်းစားရင်းဂိမ်းအရှေ့ကိုဆက်ရတဲ့ ကစားဟန်နဲ့ ပရိသတ်တစ်ချို့ရဲ့အားပေးမှုကို ရရှိခဲ့တဲ့ Sherlock Holmes ဂိမ်းစီးရီး၊ TrackMania, Runaways အစရှိတဲ့ဂိမ်းများရဲ့ နောက်ကွယ်က Focus Home Interactive ကုမ္ပဏီက အခု Greedfall ဂိမ်းကိုထုတ်လုပ်ပေးမှာဖြစ်တဲ့အတွက် နောက်ထပ်လာမယ့် Greedfall ရဲ့ခြေလှမ်းတွေကို ဂိမ်မာများက စောင့်ကြည့်ရတော့မှာပါ။


ကိုလိုနီဆန်ဆန် ၁၇ ရာစုတစ်ဝိုက်မှာ တည်ထားတဲ့ဇာတ်အိမ်နဲ့ ရှိရှိသမျှဂိမ်းတွေထဲက ကွဲထွက်တဲ့ဂိမ်းပုံစံ

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ဂိမ်းလောကတစ်လျှောက်မှာ စစ်နဲ့သမိုင်းကို ထပ်ဟပ်တဲ့ဂိမ်းမျိုးနဲ့ ပရိသတ်အသည်းစွဲ Assassin’s Creed  စီးရီးလောက်ပဲ ကိုလိုနီအငွေ့အသက်ကို ထည့်သွင်းထားတာဖြစ်ပါတယ်၊ ဒါတောင်အရမ်းကိုနည်းပါးလွန်းတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Greedfall ဂိမ်းဟာ အခုလို ၁၇ ရာစုသမိုင်းကာလရဲ့ ကိုလိုနီခေတ်ကို ဂိမ်းနောက်ခံဇာတ်အိမ်တည်ထားတာဟာ အားလုံးရဲ့စိတ်ဝင်စားမှုကို အရှင်းကြီးရရှိစေခဲ့တယ်အပြင် နောက်ထပ်တစ်ကြောင်းက ဒီဂိမ်းဟာ စစ်သမိုင်းအကြောင်းနဲ့ လားလားမှကိုမသက်ဆိုင်တဲ့ မှော်ဆန်တဲ့လောကမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခရီးစဉ်နဲ့ လျှို့ဝှက်ဆန်းကြယ်မိစ္ဆာ၊ ထိတ်လန့်ဖွယ်သတ္တဝါများကို ထည့်သွင်းထားလို့ပါပဲ။ ဂိမ်းဟာ ဘယ်လိုမျိုးပုံစံနဲ့ထွက်ရှိလာပြီး ဇာတ်လမ်းအနိမ့်အမြင့်၊ အတတ်အကျကို ထိထိမိမိခံစားမိအောင် လုပ်သွားမလဲဆိုတာကတော့ လုံးဝကိုစိတ်ဝင်ဖို့ကောင်းနေပါတယ်။


Greedfall ဂိမ်းဇာတ်လမ်းအကျဉ်းနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်ပြောင်းလဲသွားမယ့် ဂိမ်းရဲ့ဦးတည်ချက်နဲ့ အဆုံးသတ်

အခုထိသိရှိရတဲ့အချက်အလက်တွေအရဆိုရင်တော့ ဂိမ်းဇာတ်လမ်းက အတော်လေးကို စိတ်ဝင်စားစရာပါပဲ။ ပြောရရင်တော့ ပြီးပြည့်စုံတဲ့လောကနိဗ္ဗာန်လို့ဆိုနိုင်တဲ့ သမုဒ္ဒရာအလယ်က နတ်သူငယ်မျိုးနွယ် (Elves) များခိုလှုံနေထိုင်ရာ ကျွန်းတစ်ကျွန်းကို ကိုလိုနီခေတ်မှာကြီးစိုးတဲ့ အမျိုးမျိုးသောစစ်အင်အားကြီး အင်ပါယာတွေ၊ အာဏာပါဝါမြင့်မားတဲ့ဂိုဏ်းတွေက ရှာဖွေတွေ့ရှိသွားပြီးနောက်မှာတော့ ကိုလိုနီတို့ရဲ့ ဝင်ရောက်ကျူးကျော်နယ်ချဲ့မှုများ၊ ကြီးမားတဲ့တိုက်ပွဲများ၊ ဂမ္ဘီရဆန်ဆန်လှည့်ကွက်များ၊ ထင်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်များ ဖြစ်လာတော့မှာပါ။ ဂိမ်းကိုစဆော့ပြီဆိုတာနဲ့ ကိုယ်ဟာကြားနေသာမန်လူသားတစ်ယောက်အနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး ကိုယ်ပါဝင်လိုတဲ့ဖက်ကနေ ဝင်ရောက်အားဖြည့်တိုက်ခိုက်ရင်း ကိုယ့်ဆုံးဖြတ်ချက်နောက်ကိုလိုက်ပြီး ဇာတ်လမ်းကပြောင်းလဲသွားမှာပါ။ ဒီတော့ ကျူးကျော်သူတွေကို ပြန်လည်တိုက်စစ်ဆင်နေရတဲ့ နတ်သူငယ်တွေဘက်ကနေမလား၊ ကိုလိုနီတပ်ပဲဝင်မလား၊ မှော်ဆန်တဲ့လျှိုဝ့ှက်ဂိုဏ်းသားပဲလုပ်မလားဆိုတာ ကိုယ့်အပေါ်မှာပဲ အားလုံးမူတည်နေပါတယ်။

ထွက်ရှိလာမယ့်ရက်စွဲ၊ ဆော့ကစားနိုင်မယ့်ပလက်ဖောင်းတွေ၊ Requirments နဲ့ စာရေးသူအနှစ်ချူပ်

အချိန်တော်တော်ကြာ စောင့်ဆိုင်းရတော့မယ်လို့ မထင်ပါနဲ့။ ဝမ်းသာစရာကတော့ ဒီ Greedfall ဂိမ်းကို အခုစက်တင်ဘာလ ၁၀ ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ ထုတ်ပေးသွားမှာဖြစ်တယ်လို့  Focus Home Interactive  တရားဝင်ကြေညာထားပါတယ်။ ဒါ့အပြင် ဂိမ်မာများအားလုံးအတွက် PC, Playstation 4 နဲ့ X Box ပလက်ဖောင်းများမှာ ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် ဂိမ်းကစားဖို့လိုအပ်တဲ့ အနည်းဆုံး Requirments ကတော့

OS: Windows 7 64-bit
CPU: Intel Core i5-3450 4-Core 3.1 GHz or AMD FX-6300 6-Core 3.5GHz
RAM: 8 GB System Memory
GPU RAM: 2 GB Video Memory
GPU: GeForce GTX 660 or Radeon HD 7870
HDD: 25 GB Available Hard Drive Space
DX: DirectX 11
ဖြစ်ပြီး သတ်မှတ်ပေးထားတဲ့ Requirments ကတော့
OS: Windows 10 64-bit
PU: Intel Core i5-4690 4-Core 3.5 GHz or AMD FX-8300 8-Core 3.3 GHz
RAM: 16 GB System Memory
GPU RAM: 4 GB Video Memory
GPU: Nvidia GeForce GTX 980 or AMD Radeon RX 590
DX: DirectX 11 
ပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ RPG ဂိမ်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့သူဖြစ်တာကတစ်ကြောင်း ခေတ်နောက်ပြန်သွားတဲ့ဂိမ်းမျိုးတွေဆို ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားတာကတစ်ကြောင်း၊ အက်ကြောင်းထက်နေတဲ့ RPG ဂိမ်းတွေထဲက ကွဲထွက်လာနိုင်မယ့်ဂိမ်းလို့ စိတ်ထဲမှာ ရည်စူးမိတာကတစ်ကြောင်း အစရှိတဲ့အကြောင်းကြောင်းကြောင့် ဒီ Greedfall ဂိမ်းဟာ ရာစုသစ်ဂိမ်းလောကမှာ ဂိမ်းပရိသတ်တွေပါးစပ်ဖျား ပြောစမှတ်ပြုရလောက်မယ့် RPG ဂိမ်းတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ ဒီတော့ အားလုံးပဲ Greedfall ဂိမ်းထွက်လာတဲ့အခါကျရင် ဘယ်ဂိမ်းမီဒီယာတွေက ဘယ်လိုမျိုးသတ်မှတ်ချက်တွေနဲ့ review, rating လုပ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြတာပေါ့ဗျာလို့ ပြောရင်း ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ပါတယ်။ နောက်တစ်ခေါက်မှာလည်း အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမို့ ဂိမ်းချစ်သူပရိသတ်များအနေနဲ့ စောင့်ဆိုင်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 




Yan
Ref: Wikia, YouTube, game-debate

No comments:

Post a Comment