ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိလာတဲ့ Apex Legends ဂိမ်းဟာ Free-to-Play ဂိမ်းဖြစ်တဲ့အပြင် အချိန်အနည်းငယ်အတွင်းမှာပဲ ဆော့ကစားသူပေါင်း ၅၀ မီလီယံရှိခဲ့တာကြောင့် Fortnite ကို ယှဉ်ပြိုင်နိုင်မယ့် Battle Royale ဂိမ်းတွေထဲကတစ်ခုလို့ ဂိမ်းမီဒီယာများနဲ့ ဂိမ်းလောကက သတ်မှတ်ထားတဲ့ဂိမ်းလည်းဖြစ်ပါတယ်။ ဂိမ်းလောကထဲမှာ နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့ EA Entertainment ကထုတ်လုပ်ပေးပြီး Respawn ကဖန်တီးရေးဆွဲထားတဲ့ Apex Legends ဂိမ်းဟာ မှိုလိုပေါက်နေတဲ့ 1st Person Battle Royale ဂိမ်းတွေထဲမှာမှ စစ်မှန်တဲ့အရည်အချင်း၊ စစ်မြေပြင်အကြောင်းနားလည်မှု၊ ပုန်းခိုပစ်ခတ်တတ်မှုနဲ့ အဖွဲ့ရဲ့စည်းလုံးညီညွှတ်မှုတွေအပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတဲ့ တစ်မူထူးခြားတဲ့ဂိမ်းလည်း ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ ရှစ်လအတိုင်းအတာပဲ ရှိသေးပေမယ့် Apex Legends ဂိမ်းအနေနဲ့ ကွဲပြားခြားနားတဲ့ဆုကြေးတွေပါဝင်လေ့ရှိတဲ့ ဂိမ်းရာသီ Season တွေနဲ့ လာရောက်ဆော့ကစားသူများကို စွဲဆောင်နေဆဲဖြစ်ပါတယ်။ လတ်တလောမှာကျင်းပပြီးစီးသွားတဲ့ Season တွေကတော့ မတ်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ Wild Frontier (Season 1) နဲ့ ဂျူလိုင်လ ၂ ရက်နေ့မှာ စတင်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာမှ ပြီးဆုံးမယ့် Battle Charge (Season 2) တို့ပဲဖြစ်ပါတယ်။ Apex Legends ဂိမ်းရာသီ Season တွေရဲ့ ထူးခြားချက်တွေထဲက တစ်ခုကတော့ Season တစ်ခုချင်းစီမှာ စွမ်းရည်အသစ်၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ အားလုံးအကြိုက်တွေ့မယ့် Legend ဇာတ်ကောင်အသစ်တစ်ယောက်ကို ထည့်သွင်းပေးထားတာပါပဲ။
Apex Legends ဂိမ်းရဲ့ပြီးဆုံးသွားတဲ့ Season တွေကို ပြန်ပြောင်းကြည့်မယ်ဆိုရင် မတ်လ ၁၉ ရက်နေ့မှာစပြီး ဇွန်လ ၁၈ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ပထမဦးဆုံးရာသီ Wild Frontier (Season 1) အတွက် အပြေးမြန်ပြီး လျင်မြန်သွက်လက်တဲ့စွမ်းရည်နဲ့ Octane ပါဝင်လာခဲ့သလို ဂျူလိုင်လ ၂ ရက်နေ့မှာ စတင်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာအဆုံးသတ်မယ့် Battle Charge (Season 3) အတွက်ဆိုရင်တော့ လျှပ်စစ်ထောင်ချောက်တွေကိုအသုံးပြုပြီး အဖွဲ့သားတွေရဲ့ကျည်ကာတွေ ပြန်လည်ဖြည့်တင်းပေးတဲ့ Wattson လိုမျိုး ဂိမ်မာတွေလုံးဝအကြိုက်တွေ့တဲ့ Legend သစ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာချည်းပါပဲ။ အဲဒီတော့ မကြာတော့တဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ အဆုံးသတ်တော့မယ့် Battle Charge Season 2 အပြီးမှာ ဘယ်လိုမျိုးထူးခြားချက်တွေပါဝင်တဲ့ Season တွေ ဆက်လာမလဲဆိုတာ အားလုံးကရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါပြီ။ အဲဒါဆိုရင်တော့ အားလုံးအတွက် သတင်းကောင်းလေးတစ်ခုကို ပြောပြလိုက်ပါရစေ။ ဘာကြောင့်လည်းဆိုတော့ ဒီတစ်ပါတ်ထဲမှာပဲ Respawn Entertainment ကနေ နောက်လာမယ့် Season ရဲ့ခေါင်းစဉ်နဲ့ အဲဒီထဲမှာပါဝင်လာမယ့် ဇာတ်ကောင်သစ်တစ်ယောက်ကို ထုတ်ဖော်ပြသလိုက်လို့ပါပဲ။ ဒီတစ်ခေါက် Apex Legends ရဲ့ ဂိမ်းရာသီသစ် Meltdown (Season 3) မှာ Wattson နည်းတူပဲ အသစ်ပါဝင်လာမယ့်ဇာတ်ကောင်ကတော့ နည်းပညာပိုင်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး နာကျည်းချက်တစ်ချို့ကြောင့် Legend တစ်ယောက်ဖြစ်လာခဲ့သူ Crypto ပဲ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့က Apex Legends ရဲ့ YouTube ချန်နယ်မှာတင်ခဲ့တဲ့ ဗီဒီယိုအရ နောင်တစ်ချိန်မှာ Legend တစ်ယောက်ဖြစ်လာမယ့် Crypto နဲ့ ညီမဖြစ်သူ Mila Alexander တို့ရဲ့ ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးထားပါတယ်။ ဇာတ်လမ်းအရ Crypto နဲ့ Mila ဟာ အရာအားလုံးဆီက လွတ်မြောက်အောင် ရုန်းထွက်မယ့်နည်းလမ်းအပေါ်မှာ ဆွေးနွေးတိုင်ပင်နေကြပေမယ့် တိကျတဲ့အဖြေမထွက်လာခဲ့ပါဘူး။ ဒီလိုနဲ့ နောက်တစ်နေ့ရောက်တဲ့အခါ Mila ဟာရုတ်တရတ်ပျောက်ဆုံးသွားပြီး အဲဒီအဖြေရှာမရတဲ့ပျောက်ဆုံးမှုအတွက် Crypto ကို ထောင်ချောက်ဆင်လာရောက်ဖမ်းဆီးခဲ့ကြပါတယ်။ ဒါပေမယ့် ဟက်ကာတစ်ယောက်ဖြစ်သူ Crypto ဟာ သူကျွမ်းကျင်တဲ့နည်းပညာကိုအသုံးပြုပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလက်ကနေ လွတ်မြောက်အောင်ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Crypto ဟာ ညီမဖြစ်သူ Mila ရဲ့ဖြစ်ရပ်မှန်က ဘာလဲဆိုတာကို ရှာဖွေဖို့အတွက် နည်းပညာဖက်မှာတစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ Legend တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခဲ့ပါတော့တယ်။ ကဲ Apex Legends ဂိမ်းထဲမှာ အသစ်ပါဝင်လာမယ့် Crypto ရဲ့ဇာတ်လမ်းအကျဉ်းကတော့ ဒါပါပဲ။ Legend တစ်ယောက်ဖြစ်တဲ့ Crypto ရဲ့ တိုက်ပွဲမှာအသုံးချနိုင်တဲ့စွမ်းရည်တွေနဲ့ passive က ဘာတွေလဲဆိုတာကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ Meltdown Season 3 စတင်ချိန်ကျမှပဲ သိရမှာဖြစ်တဲ့အတွက် အားလုံးအတူစောင့်ဆိုင်းကြဖို့ Apex Legends ပရိသတ်များကို ဒီကနေတဆင့် ပြောကြားလိုက်ရပါတယ်။ ဖတ်ရှုမှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း။
Yan
Ref: gamesrader, engadget, cnet
No comments:
Post a Comment