ကလေးကစားစရာအရုပ်ကလေးတစ်ရုပ် အသွင်ဆောင်ထားပေမယ့် ရက်စက်ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ Annabelle အကြောင်းကို လူတိုင်းနီးပါးသိကြပါတယ်။ Annabelle ကို ပိုင်ဆိုင်ခဲ့သူတိုင်းဟာ အသက်မဆုံးရှုံးခဲ့ရင်တောင်မှ လက်မတင်လေး အသက်လုခဲ့ရတဲ့အဖြစ်အပျက်မျိုးစုံနဲ့ တွေ့ကြုံခဲ့ပြီးမှ အဲဒီအရုပ်ရဲ့နောက်ကြောင်းရာဇဝင်နဲ့ ဘယ်လိုဖြစ်တည်မှုမျိုးက စွဲကပ်နေတာလဲဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။ သွေးပျက်စရာအတိနဲ့ ခြောက်ခြားဖို့ကောင်းတဲ့ ၁၉၈၀ တစ်ဝိုက်က ဖြစ်ရပ်မှန်တချို့အပေါ်မှာ မှီငြိမ်းဇာတ်အိမ်တည်ထားတဲ့ Annabelle ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Gary Daubermen က ညွှန်ကြားဖန်တီးပြီး Warners Bros Picture ကနေ ၂၀၁၄ ခုနှစ်မှာ ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Annabelle ဆိုတဲ့နာမည်နဲ့ ထွက်ရှိခဲ့တဲ့ဇာတ်ကားများဟာ ၂၀၁၉ ခုနှစ်ရဲ့ Annabelle Comes Home အပါအဝင်ဆိုရင် စုစုပေါင်းသုံးကားရှိခဲ့ပြီဖြစ်ပြီး Conjuring Universe ထဲမှာဆိုရင် ခုနှစ်ကားမြောက်ဖြစ်တဲ့ Annabelle Comes Home ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ကဲ ဒီတော့ ဒီတစ်ခေါက်ဆောင်းပါးမှာ Conjuring Universe ထဲက နောက်ဆုံးထွက်ရှိထားတဲ့ Annabelle Comes Home ဇာတ်ကားရဲ့ အညွှန်းနဲ့ အကဲဖြတ်သုံးသပ်ချက်ကို အားလုံးအတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် စကြည့်လိုက်ရအောင်လားဗျာ။
၂၀၁၄ ခုနှစ်မှာ Annabelle၊ ၂၀၁၇ ခုနှစ်မှာ Annabelle: Creation နဲ့ ၂၀၁၉ ခုနှစ်မှာ Annabelle Comes Home ဆိုပြီးခေါင်းစဉ်အသီးသီးနဲ့ ထွက်ရှိခဲ့ကြတဲ့ဒီ horror ဇာတ်ကားတွေဟာ နတ်ဆိုးအသုံးချနေတဲ့ Annabelle အရုပ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းအပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာ Annabelle ဟာ ဟိုအရင်တစ်ချိန်က သက်ရှိထင်ရှားရှိခဲ့တဲ့ ဘာသာရေးဂိုဏ်းဝင်မိန်းမသားတစ်ဦးရဲ့ အမည်ဖြစ်ပေမယ့် Annabelle ဆိုပြီး အမှောင်ထုရဲ့အရုပ်တစ်ရုပ် ဖြစ်လာခဲ့တဲ့အကြောင်းကို spoil သလိုဖြစ်သွားမှာစိုးတဲ့အတွက် အကျယ်တဝန့်တော့ မရှင်းပြတော့ပါဘူး။ ရှေ့နှစ်ကားကို ကြည့်ပြီးသွားသူတွေကတော့ Annabelle ဇာတ်ကားတွေရဲ့ ဇာတ်အိမ်ဇာတ်ကွက်၊ ဇာတ်ကောင်ဖန်တီးမှုနဲ့ ထိတ်လန့်ခြောက်ခြားစရာတွေအပေါ်မှာ တရင်းတနှီးရှိမှာမှန်ပေမယ့် Annabelle Comes Home ဇာတ်ကားကို အခုမှစကြည့်မယ့်သူများအတွက်ကတော့ ကြည့်ရှုရသမျှအရာအားလုံးဟာ သစ်လွင်နေမှာဖြစ်ပါတယ်။ ပရိသတ်အသစ်များအနေနဲ့ ရှေ့နှစ်ကားကြည့်ဖူးစရာမလိုဘဲ ဒီဇာတ်ကားကိုကြည့်ရှုနိုင်သလို ပရိသတ်ဟောင်းများအနေနဲ့လည်း Annabelle ဇာတ်ကားဟာ ထူးခြားချက်တစ်ချို့နဲ့ မျှော်လင့်မထားတဲ့ဇာတ်ကောင်တွေကို တွေ့ရမယ်ဆိုတာ အာမခံပါတယ်။ အဲဒါဘာလို့လည်းဆိုတော့ အပနှင်သူလင်မယားနှစ်ယောက်ဖြစ်တဲ့ Ed နဲ့ Lorraine တို့ကိုယ်တိုင် အခန်းတစ်ခန်းထဲမှာ စုစည်းပြီး ထိန်းချူပ်ထားတဲ့ ကျိန်စာသင့်ပစ္စည်းတွေ၊၊ နတ်ဆိုးစွဲကပ်တဲ့အသုံးအဆောင်တွေနဲ့ ပရလောကအစီအရင်တွေမှာ အသုံးပြုတဲ့ကိရိယာပေါင်းများစွာရဲ့ ကိန်းအောင်းနေတဲ့ ခြောက်ခြားဖွယ်ရာတစ်ချို့ကို Annabelle Comes Home မှာ မျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာ မို့လို့ပါ။ ဒါဟာ Annabelle ဇာတ်ကားတွေကို ကြည့်ရှုခဲ့ဖူးတဲ့ပရိသတ်ဟောင်းများရဲ့ မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးလိုက်တာဖြစ်သလို ပရိသတ်သစ်များအတွက်လည်း Annabelle အပြင်အခြားသော ရင်ထိတ်သည်းဖိုကဏ္ဍတွေကို ခံစားရစေမယ့် ရည်ရွယ်ချက်နဲ့ ဖန်တီးထားခြင်းဖြစ်ပါတယ်။
အဓိကကတော့ အရင် Annabelle ကားတွေနဲ့မတူဘဲ အခြားထိတ်လန့်ဖို့ကောင်းတဲ့ဖြစ်တည်မှုတွေကို ပရိသတ်နဲ့မိတ်ဆက်ပေးလိုက်ခြင်းးဟာ ထွက်ခဲ့ပြီး Annabelle ကားတွေနဲ့ကွဲထွက်ခဲ့ရတဲ့အချက်ပါ။ ကြည့်ခဲ့ပြီးသားပရိသတ်ဟောင်းတွေ ဟိုးအရင်ကတည်းကသိချင်ခဲ့တဲ့ Ed နဲ့ Lorraine တို့ရဲ့ တားမြစ်အခန်းထဲက အမှောင်ထုလွှမ်းခြုံနေတဲ့ပစ္စည်းတွေရဲ့ နောက်ကြောင်းတချို့နဲ့ ကိန်းအောင်းနေတဲဖြစ်တည်မှုတွေကို မျက်ဝါးထင်ထင်တွေ့ရမှာဖြစ်တဲ့အတွက် အနိမ့်မြင့်အတက်အကျတွေနဲ့ ရသစုံခရီးစဉ်တစ်ခုကို ဖြတ်သန်းနေရသလို ခံစားရစေမှာပါ။ ဒါတင်မက ယခင်ကားတွေကလို အဓိကဇာတ်ဆောင်ဖြစ်တဲ့ အပနှင်သူ Ed နဲ့ Lorraine တို့ရဲ့ ဇာတ်ဆောင်နေရာဟာ အားလုံးထင်မှတ်ထားသလိုမဟုတ်တဲ့အပြင် မျှော်လင့်မထားတဲ့ဇာတ်ကွက်တချို့ကိုလည်း ဒီဇာတ်ကားမှာတွေ့ရှိရမှာပါ။ ဒီတော့ ပရိသတ်အသစ်များပဲဖြစ်ဖြစ်၊ အဟောင်းများပဲဖြစ်ဖြစ် Annabelle Comes Home ဟာ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းပေးလိုက်ရင်း ဒီကားအပေါ်မှာသတ်မှတ်ထားတဲ့ rating က ဘယ်လောက်ရမလဲဆိုတာကတော့ အောက်ပါဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှုမှုများအတွက် ကျေးဇူးတင်ပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေမှာလည်း ပြန်တွေ့ဆုံတွေ့ကြပါမယ်လို့ပြောရင်း အားလုံးကိုနှုတ်ဆက်လိုက်ရပါတယ်။
Rating: 7.5/10 (7.5 Out Of 10)
Genre: Horror
Directed By: Gary Dauberman
Written By: Gary Dauberman
Cast: Mckenna Grace, Madison Iseman, Katie Sarife, Patrick Wilson, Vera Farmiga
Studio: New Line Cinema
Yan
No comments:
Post a Comment