Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, September 12, 2019

သည်းထိတ်ရင်ဖိုဂိမ်းတွေကိုမှ ကြိုက်နှစ်သက်ကြသူများအတွက် CAPCOM ကမကြာခင်ထုတ်ပေးတော့မယ့် Project Resistence ဇွန်ဘီဂိမ်း

CAPCOM လို့ဆိုလိုက်တာနဲ့ Street Fighter, Megaman, Devil May Cry နဲ့ Resident Evil ဂိမ်းစီးရီးတို့ကို ပြေးမြင်ကြတာ ဂိမ်မာတိုင်းလိုလိုပါပဲ။ ဗီဒီယိုဂိမ်းတွေရဲ့ ဆင့်ကဲပြောင်းလဲမှုသက်တမ်းတစ်လျှောက်မှာ CAPCOM ကထုတ်ပေးခဲ့တဲ့ဂိမ်းတွေကို ဆော့ကစားပြီး ငယ်ဘဝကိုဖြတ်သန်းခဲ့ရသူဂိမ်မာတွေ မနည်းပါဘူး။ အဲ မကြာသေးတဲ့အချိန်ကမှ Resident Evil 2 Remake ကိုထုတ်ပေးပြီး တစ်ကမ္ဘာလုံးက ဂိမ်းမီဒီယာကြီးတွေရဲ့ review ကောင်း၊ rating ကောင်းတွေ ရရှိခဲ့တဲ့ CAPCOM အနေနဲ့ ဂိမ်းချစ်သူပရိသတ်တွေအတွက် နောက်ခြေတစ်လှမ်းတစ်လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ လွန်ခဲ့တဲ့တစ်ရက်ကမှ Resident Evil ဂိမ်းလောကထဲမှာ ဖန်တီးထားတဲ့ ဇွန်ဘီအတိုက်အခိုက်ဂိမ်းဖြစ်တဲ့ Project Resistence ကို ဂိမ်းထွေလာနဲ့အတူ ကြေညာခဲ့လို့ပါပဲ။ ထွေလာကိုကြည့်လိုက်မယ်ဆိုရင်တော့ အခုလာမယ့် Project Resistence ဂိမ်းဟာ CAPCOM ကထုတ်မယ့် နောက်ထပ်အကြီးစားဂိမ်းတစ်ခုခု မလာခင်အချိန်အထိ စောင့်မျှော်နေတွေ ဆော့ကစားဖို့အတွက် ရည်ရွယ်ချက်နဲ့ထုတ်ပေးထားပုံ ပေါ်ပါတယ်။


ဂိမ်းကိုသုံးသပ်ကြည့်မယ်ဆိုရင် ဒီ Project Resistence ဇွန်ဘီဂိမ်းဟာ Resident Evil လောကထဲမှာပဲ ဇာတ်အိမ်တည်ထားတဲ့ Third Person PvP ဂိမ်းအမျိုးအစားဖြစ်တယ်၊ ကစားသမားလေးယောက်ပါဝင်ပြီး တက်ညီလက်ညီ အကွက်ကျကျနဲ့ ဇွန်ဘီတွေကို တိုက်ခိုက်နှိမ်နင်းရမယ်၊ Resident Evil 2 Remake မှာ အားလုံးရင်ထိတ်သည်းဖိုဖြစ်ခဲ့တဲ့ Mr.X ကိုလည်း ပြန်လည်တွေ့ရှိရမယ့်အပြင် အခြားနောက်ထပ်လူငယ်ဇာတ်ကောင်သစ်လေးယောက်ကိုလည်း ထပ်မံထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ ဆော့ကစားမယ့်သူတွေအနေနဲ့ မစ်ရှင်တစ်ခုလုံးကို အောင်မြင်ဖို့ အဆင့်သုံးဆင့်ကို မတူညီတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်ကျော်ရမှာဖြစ်ပြီး ပါဝင်တဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီမှာ အဆင့်တစ်ဆင့်ချင်းအတွက် အသုံးဝင်တဲ့ထူးကဲတဲ့စွမ်းရည်တစ်မျိုးဆီ ပါဝင်မယ်လို့သိပါတယ်။ ဇာတ်ကောင်တွေရဲ့အမည်နဲ့ အဲဒီစွမ်းရည်တွေကို တစ်ချက်လောက်ကြည့်လိုက်တဲ့အခါမှာ



Valerie – အခြားကစားသမားတွေကို သွေးဖြည့်ပေးနိုင်စွမ်းရှိပြီး support လုပ်နိုင်တယ်။

January – လုံခြုံရေးကင်မရာများကို ပစ်ချနိုင်ပြီး နောက်ကွယ်ကကြည့်နေသူကို ခဏတာရပ်ဆိုင်းသွားအောင် ဟန့်တားနိုင်စွမ်းရှိတယ်။

Tyrone – အမာခံတစ်ယောက်ဖြစ်ပြီး ရန်သူတွေကိုပြင်းထန်တဲ့ကန်ချက်နဲ့ ပစ်လဲသွားအောင် လုပ်နိုင်စွမ်းရှိတယ်။

Samuel - ရန်သူတွေကို ပြိုကွဲသွားစေတဲ့ တိုက်ခိုက်ကွက်တွေကို အသုံးချနိုင်စွမ်းရှိတယ်။

ကဲ ပါဝင်တဲ့ဇာတ်ကောင်လေးယောက်ရဲ့ ကိုယ်စီကိုယ်စီစွမ်းရည်တွေကတော့ အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲဗျာ။ CAPCOM အနေနဲ့ ဒီဂိမ်းကိုအစမ်းဆော့ကစားနိုင်မယ့် Project Resistence Beta ကို အောက်တိုဘာလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖွင့်ပေးမှာဖြစ်ပြီး ပါဝင်ဆော့ကစားချင်သူများအနေနဲ့ စက်တင်ဘာလ ၁၂ ရက်နေ ၁၉  ရက်အထိ Project Resistence ဝက်ဘ်ဆိုဒ်မှာ လာရောက်စာရင်းသွင်းနိုင်ကြောင်းလည်း သိရပါတယ်။ Left 4 Dead ရဲ့အငွေ့အသက်ကို ပြန်လည်ခံစားရစေမယ့် ကစားဟန်တချို့လည်းပါနေတဲ့အတွက် ဒီကဂိမ်းပရိသတ်တွေနဲ့လည်း တရင်းတနှီးဖြစ်နေမှာတော့ သေချာပါတယ်။ ကဲ ဒီတော့ အောက်တိုဘာလကျမှ ဂိမ်းကစားပုံအသေးစိတ်ကို သိရှိနိုင်မယ့် CAPCOM ရဲ့ ဇွန်ဘီဂိမ်းသစ်ဖြစ်တဲ့ Project Resistence ကို ထွက်ရှိလာတဲ့အချိန်ကျမှသာ ကိုယ်တိုင်ကိုယ်ကျဆော့ကစားကြည့်ကြဖို့ ဒီကနေတိုက်တွန်းလိုက်ရပါတယ်။


Yan
Ref: ign, eurogamers

No comments:

Post a Comment