Marvel ပရိသတ်တွေသာမက Comic ချစ်သူများကြားမှာပါ ရေပန်းစားခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ Venom Anti-Hero ရုပ်ရှင်ဇာတ်ကားကို အားလုံးပဲမှတ်မိကြမှာပါ။ ထပ်ချည်းတလဲလဲဖြစ်နေတဲ့ Marvel ရဲ့ ထွက်ရှိခဲ့ပြီးသား လူစွမ်းကောင်းဇာတ်ကားတွေနဲ့မတူပဲ Anti-hero ဇာတ်ကားမျိုးဖြစ်မယ်လို့ အသေအချာမျှော်လင့်ချက်ပေးခဲ့ပေမယ့် တကယ်တမ်းထွက်ရှိလာတဲ့အချိန်မှာတော့ Marvel ပရိသတ်များတင်သာမက သတင်းမီဒီယာတွေရဲ့သုံးသပ်ချက်မျိုးစုံကို ရရှိခဲ့ပါတယ်။ IMDb က 6.7, Rotten Tomato က 29%, Metacritic က 35% အစရှိသဖြင့် အမျိုးစုံတဲ့ ရုပ်ရှင်မီဒီယာတချို့ရဲ့ rating တွေနဲ့အတူ ဟိုးလေးတစ်ကျော်ပေါက်မြောက်သွားတဲ့ superhero ရုပ်ရှင်တစ်ကားလို့ မဆိုနိုင်ပေမယ့် Marvel အနေနဲ့ Spiderman ရဲ့မဟာရန်သူတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ Venom ရဲ့ တစ်ကိုယ်တော်ဇာတ်ကားကိုတော့ စောင့်မျှော်နေတဲ့ပရိသတ်တွေဆီ အရောက်ပို့ပေးနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ယမင်နှစ် ၂၀၁၈ ကမှထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် Sony အနေနဲ့ Venom ရဲ့နောက်ဆက်တွဲ အပိုင်း ၂ ကို လာမယ့်နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာဖြစ်တယ်လို့ သတင်းတင်ပြချက်များအရ သိရပါတယ်။
မျှော်လင့်ထားသလိုဖြစ်မလာတဲ့ The Amazing Spider-man 2 အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ပရိသတ်နဲ့ မချိတ်ဆက်နိုင်ခဲ့တဲ့အတွက် အဓိကဇာတ်ဆောင်နေရာမှာ Tom Holland ကိုအစားထိုးသရုပ်ဆောင်စေခဲ့ပြီး Marvel Universe ထဲသွတ်သွင်းလိုက်တာ အားလုံးမျက်မြင်ပါပဲ။ Marvel အနေနဲ့ သူတို့ရဲ့ Universe ကိုတိုးချဲ့ရင်း နာမည်ကျော်လူကြိုက်များတဲ့ Comic ဇာတ်ကောင်တွေကို တစ်ဦးချင်းအခြေခိုင်အောင်တည်ဆောက်လာပေမယ့် Sony ကတော့ Spider-man ရဲ့ နာမည်ကျော်အထင်ကရဗီလိန်တွေကို အားလုံးရှေ့မှောက် ချပြဖို့အတွက် ပိုအာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ Venom ဇာတ်ကားဟာ မီဒီယာတွေဆီကနေ အကောင်းအဆိုးရောယှက်နေတဲ့ reivew နဲ့ rating တွေကို ရရှိခဲ့တာမှန်ပေမယ့် တကယ်တမ်းမှာ ရုံဝင်ငွေအမြောက်အမြားရရှိခဲ့တဲ့ superhero ဇာတ်ကားတစ်ကားဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလရဲ့ all-time opening record ကိုကျော်လွန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
Venom ဟာ မီဒီယာတွေဆီက review မကောင်းပေမယ့် ငွေကြေးပိုင်းကဏ္ဍမှာ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကြိမ်းသေနောက်ဆက်တွဲဇာတ်ကားထွက်မယ်လို့ ရုပ်ရှင်လောကလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြပါတယ်။ အခုတော့ အဲဒီကြိုတင်တွက်ဆချက်ဟာ တကယ်ကိုအကောင်အထည်ပေါ်လာပြီဖြစ်ပြီး လာမယ့်နိုဝင်ဘာလ ၂၅ ရက်နေ့မှာ Venom 2 ကို ရိုက်ကူးမှုစတင်တော့မှာဖြစ်ပါတယ်။ Venom ဟာ Spider-man ရဲ့နာမည်ကျော်ဗီလိန်တွေအထဲကတစ်ယောက်ဖြစ်တာကြောင့် သေချာတာတစ်ခုကတော့ Spider-man ကိုတောက်လျှောက်အားပေးလာခဲ့တဲ့ အနယ်နယ်အရပ်ရပ်က ချစ်ပရိသတ်များကတော့ Venom 2 ဇာတ်ကားအပေါ်မှာ စိတ်ဝင်စားကြမှာအမှန်ပါပဲ။ ဒါပေမယ့် Venom အဓိကရင်ဆိုင်ရမယ့် comic ဇာတ်ကောင် ပြည်သူ့အချစ်တော် Spider-man အနေနဲ့ Venom 2 ထဲမှာ ပါလာမှာလားဆိုတာကတော့ အခုအချိန်မှာအားလုံးကမေးခွန်းထုတ်လာကြပါပြီ။ Sony အနေနဲ့လည်း ရုပ်ရှင်လောကမှာ ပြောစမှတ်တွင်ပြီး နာမည်ကောင်းတစ်ခုရဖို့ လိုအပ်နေတဲ့အတွက် Venom ကို Spider-man နဲ့အတူ ပိတ်သားပြင်ပေါ်မှာ ပူးတွဲချပြဖို့ အခွင့်ကောင်းတစ်ခုဖြစ်ပါတယ်။ လာမယ့် Venom 2 ဇာတ်ကားမှာ Tom Hardy က Venom အဖြစ်ပြန်လည်ပါဝင်လာမှာဖြစ်ပြီး Michelle Williams က Anna Weying, Woody Harrelson က Carnage အဖြစ် အသီးသီးဝင်ရောက်အားဖြည့်ထားကြပါတယ်။ ဘာတွေပဲပြောပြောပါ၊ အနာဂတ်မှာလာမယ့် Venom 2 ဟာ ဘယ်လိုဇာတ်ကြောင်းဇာတ်ကွက်နဲ့ တစ်မူထူးတဲ့ superhero ဇာတ်ကားတစ်ကားဖြစ်မလားဆိုတာကတော့ အားလုံးစောင့်ကြည့်ရတော့မှာပါ။
Yan
Ref: wikia, screenrant
No comments:
Post a Comment