ဂိမ်းလောကမှာ အချိန်ရဲ့ရိုက်စားမှုဒဏ်ကို ကျော်လွန်လာခဲ့ပြီး ကျွန်တော်တို့ငယ်စဉ်ဘဝကနေ အခုချိန်အထိလူကြီးလူငယ်မရွေး အားပေးလာခဲ့ကြတဲ့ နာမည်ကျော်ဂိမ်းပေါင်းမြောက်မြားစွာရှိပါတယ်။ အဲဒီထဲကမှ Mortal Kombat ဂိမ်းဟာလည်း ဂိမ်းချစ်သူတွေအသည်းစွဲခဲ့ရတဲ့ ဇာတ်ကောင်ပေါင်းများစွာနဲ့ ဝေဝေဆာဆာဖြစ်နေဆဲ ဂိမ်းတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ နည်းပညာတွေအဆင့်မြင့်မားပြီး ဂိမ်းနဲ့ရုပ်ရှင်လောကဟာ ပိုမိုဆက်နွယ်လာတာနဲ့အမျှ နာမည်ကြီးဂိမ်းအများစုဟာ တီဗီဖန်သားပြင်တွေထက်ကို ကူးပြောင်းဖို့ကြိုးစားအားထုတ်လာကြတာကို ကျွန်တော်တို့ပရိသတ်တွေအားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါပေမယ့် အဲဒီလိုအကူးအပြောင်းကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ဂိမ်းနဲ့တစ်ပြေးညီ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ဖို့ဆိုတာဟာ နာမည်ကြီးဂိမ်းအများစုအတွက်တော့ လွန်စွာမှခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီလိုဆိုရင်တော့ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mortal Kombat ရုပ်ရှင်ကိုအားလုံးပဲ မှတ်မိကြမယ်ထင်ပါတယ်။ နှစ်နှစ်ဆယ်ကျော်ကျော်ကြာခဲ့ပေမယ့် သူ့ခေတ်သူ့အခါတုန်းကတော့ အောင်မြင်မှုအတိုင်းအတာတစ်ခုရခဲ့တဲ့ Mortal Kombat Live Action ဇာတ်ကားဟာ ပထမတစ်ကားအပြီး နောက်ထပ်တစ်ကားရိုက်ကူးဖို့ ပြင်ဆင်မှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ပရိသတ်တွေသာ အသက်ကြီးလာတယ် အခုအချိန်အထိ ရေရေရာရာခရီးမရောက်ခဲ့ပါဘူး။ ဒါပေမယ့် စောင့်မျှော်နေသူများရဲ့အိပ်မက်တွေကို ပရိသတ်တချို့နဲ့ရင်းနှီးပြီးသား နာမည်ကျော် ဒါရိုက်တာနဲ့ ပရိုဂျူဆာ James Wan ရဲ့တိုက်တွန်းမှုကြောင့် သြစတေးလျှဒါရိုက်တာ Simon McQuiod ကဦးဆောင်ပြီး အားလုံးလက်ထဲကိုအရောက်ထည့်ပေးတော့မှာပါ။
James Wan ဟာပေါ်မြောက်တဲ့ DC film တစ်ခုဖြစ်တဲ့ Aquaman ကိုဖန်တီးခဲ့သူ ဒါရိုက်တာလည်းဖြစ်တဲ့အပြင် အခြားသောနာမည်ကျော်ဇာတ်ကားများဖြစ်တဲ့ Saw, Billy The Puppet, Insidious, Insidious: Chapter 2, Conjuring: 1 and 2, Fast and Furious: 7 ဇာတ်ကားများကိုလည်း လက်ရာမြောက်စွာထုတ်ပေးခဲ့သူတစ်ဦးဖြစ်တဲ့အတွက် အားလုံးဟာ အခုစတင်ရိုက်ကူးနေပြီဖြစ်တဲ့ Mortal Kombat ဇာတ်ကားအပေါ်မှာ အတော့်ကိုမျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် ဒီ Mortal Kombat ဇာတ်ကားအတွက်ကတော့ ဒါရိုက်တာ Simon McQuoid က အဓိကတာဝန်ယူသွားမှာဖြစ်ပြီး James Wan ဟာ တွဲဖက်ဖန်တီးသူဒါရိုက်တာနေရာလောက်မှာ ရှိနေပါတယ်။ တကယ်တမ်းမှာ Mortal Kombat ဂိမ်းဟာ လက်ရှိခေတ်မှာရုပ်ရှင်ဇာတ်ကားတစ်ခုအသွင်အဖြစ် ဘယ်ပရိသတ်နဲ့မှမရင်းနှီးတဲ့အတွက် လုပ်ခဲ့သမျှပရောဂျက်တွေထဲမှာ တာဝန်အကြီးဆုံးဖြစ်သလို အတော်လေးစိတ်ရောကိုယ်ပါ အားထုတ်ရမယ့်ရုပ်ရှင်လည်းဖြစ်နေပြန်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ရုပ်ရှင်ဇာတ်ညွှန်းဆရာဖြစ်သူ Greg Russo ကနေပြီး သရုပ်ဆောင် Joe Taslim ကို Sub-Zero အဖြစ်၊ Ludi Lin ကို Liu Kung အဖြစ် ထိပ်ဆုံးမှာ အသီးသီးနေရာပေးထားပါတယ်။ နာမည်ကျော် New Line Cinema ကလည်း Mortal Kombat ဇာတ်ကားမှာပါဝင်ဖို့အတွက် ကိုက်ညီမယ့် သရုပ်ဆောင်ပေါင်းများစွာကို လူစစ်ရွေးချယ်ပြီး ရိုက်ကူးရေးစဖို့ ပြင်ဆင်နေပါပြီ။
ဇာတ်ညွှန်းဆရာ Russo ရဲ့အတည်ပြုမှုအရဆိုရင်တော့ ဒီ Mortal Kombat ဇာတ်ကားကို သြစတေးလျှမှာ ရိုက်ကူးမှုပထမဦးဆုံးရက်စတင်နေပြီလို့ ဆိုပါတယ်။ အားလုံးတက်ညီလက်ညီနဲ့ အကောင်းဆုံးတွေလုပ်ဆောင်သွားဖို့ အချိန်အလုံအလောက်ရတဲ့အတွက် ဒီဇာတ်ကားဟာ ပြောစမှတ်ပြုလောက်စရာ ဂိမ်းရုပ်ရှင်မျိုးဖြစ်မယ်လို့ ဂိမ်းနဲ့ရုပ်ရှင်ပရိသတ်များအားလုံးက စောင့်မျှော်နေကြပါတယ်။ ထွက်ရှိလာမယ့်နေ့အတိအကျသတ်မှတ်ထားပေမယ့် မတ်လ၊ ၂၀၂၀ ခုနှစ်မရောက်ခင်အထိတော့ ထုတ်ပြောခွင့်ရှိမှာမဟုတ်သေးဘဲ အဲဒီအချိန်လောက်ကျရင် ရိုက်ယူစရာရှိတာတွေအားလုံး ပြီးစီးသွားလောက်ပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တည်းမှာထွက်ရှိလာမယ်လို့ အားလုံးကမှန်းဆကြတဲ့အတွက် အချိန်တစ်နှစ်နီးနီး ပြန်လည်ပြင်ဆင်တည်းဖြတ်ခွင့်နဲ့ အနုပညာအမြောက်ဆုံးဖန်တီးဖွင့် အချိန်အပြည့်အဝရတယ်လို့ဆိုပါတယ်။.ကဲ ဒီတော့ နောက်ထပ်နှစ်နှစ်လောက်ထပ်စောင့်ရဦးမယ့် ဂိမ်မာများအသည်းစွဲ Mortal Kombat ဂိမ်းရုပ်ရှင်ဟာ ဘယ်လိုမျိုးဖြစ်မလဲ? R-rated fatalities တွေကို ဂိမ်းထဲကလို အထိအမိဆုံးဇာတ်ကွက်တွေအဖြစ် ဘယ်လိုဖန်တီးသွားမလဲဆိုတာကတော့ အားလုံးအတူစောင့်ဆိုင်းကြတာပေါ့လို့ တိုက်တွန်းရင်း နောက်လာမယ့်ဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးထင်ရှိပါတယ်။
Yan
Ref: screenrant
No comments:
Post a Comment