ပထမဦးဆုံးပြောချင်တာကတော့ ဝမ်းသာပီတိဖြစ်နေကြတဲ့ ဂိမ်မာတွေအားလုံးနဲ့ ထပ်တူထပ်မျှခံစားနေတဲ့အကြောင်းပါပဲ။ ကိုယ်လိုချင်တဲ့အရာကို တစ်စိုက်မတ်မတ်နဲ့ အနှောင်အဖွဲ့ကင်းကင်း ဆုတောင်းပြုရင် တစ်ချိန်မှာတကယ်ဖြစ်လာတယ်ဆိုတဲ့ Law of Attraction ဟာ အမှန်တကယ်အလုပ်လုပ်ကြောင်းကို ဒီသတင်းက သက်သေပြလိုက်တယ်လို့တောင် ခံစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိမ်မာတွေအားလုံးရဲ့ အသည်းထဲစွဲထင်ကျန်နေခဲ့တဲ့ The Last of Us ပထမဂိမ်းထွက်ခဲ့တာ အချိန်ခြောက်နှစ်တင်းတင်း ရှိခဲ့ပြီလေ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ The Last of Us ဂိမ်းအကြောင်းကို တဖွဲ့တနွဲ့နဲ့ ညွှန်းဆိုမယ်ဆိုရင်တောင် ဘယ်လောက်ထိအနုပညာမြောက်သလဲဆိုတာ ဖော်ပြဖို့ခက်ပါတယ်။ ရှိရှိသမျှဂိမ်းမီဒီယာကြီးတွေအားလုံး review နဲ့ rating အပြည့်ပေးခဲ့ကြတဲ့ The Last of Us ဂိမ်းရဲ့ ပြောင်မြောက်မှုနဲ့ အနုပညာဆန်မှုကို ကိုယ်တိုင်ကိုယ်ကျဆော့ကြည့်ဖူးသူများမှသာ သိနိုင်ပါလိမ့်မယ်။ ၂၀၁၆-----ူစူူုE3 ပွဲမှာကတည်းက The Last of Us (Part ll) ထွက်ရှိလာမယ်ဆိုတဲ့အကြောင်း ဂိမ်းလောကတစ်ခုလုံးကို အသိပေးခဲ့တာဖြစ်ပေမယ့် မနေ့ကမတင်ခင်အထိ The Last of Us ll ရဲ့ ရေရာသေချာတဲ့သတင်းအကျအနကို မကြားသိခဲ့ရပါဘူး။
ဒါပေမယ့် နှစ်ရှည်လများစောင့်ဆိုင်းခဲ့ရတဲ့ ဂိမ်မာများအားလုံးရဲ့ဆန္ဒပြည့်ဝခဲ့ပါပြီ။ ဘာကြောင့်လည်းဆိုတော့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့အချိန်မှာ Playstation ရဲ့ YouTube ချန်နယ်ကနေ The Last of Us (Part ll) Reveal Trailer ကို ထွက်ရှိလာမယ့်ရက်စွဲနဲ့တကွ ဖော်ပြပေးခဲ့လို့ပါပဲ။ အဲဒီထွေလာမှာ အရင်ဂိမ်း The Last of Us ထဲကလို ဆယ်ကျော်သက်ကလေးမလေးမဟုတ်တော့ဘဲ ရဲရင့်ပြတ်သားတဲ့ မိန်းမငယ်တစ်ယောက်ဖြစ်လာတဲ့ Ellie ကို အသားပေးပြသခဲ့ပြီး ဂိမ်းအတွင်းကျင်လည်ရမယ့် ပတ်ဝန်းကျင်တချို့၊ တိုက်ခိုက်ကွက်တစ်ချို့နဲ့ ဇာတ်အိမ်ဇာတ်ကွက်တစ်ချို့ကို အချိုးကျကျရောနှောပြီး တင်ဆက်ပေးခဲ့လို့ပါပဲ။ Playstation က နှစ်စဉ်နဲ့အမျှကျေင်းပလေ့ရှိတဲ့ State of Play အစီအစဉ်မှာ ထုတ်ဖော်ပြသလိုက်တဲ့ The Last of Us (Part ll) ဂိမ်းနဲ့ Reveal Trailer မကြာတော့တဲ့အချိန်အတွင်းမှာ ဂိမ်းလောကတစ်ခုလုံးကို ဂယက်ရိုက်သွားဖို့ မြင်နေပါတယ်။ The Last of Us ဂိမ်းကိုဖန်တီးရေးဆွဲတဲ့ Naughty Dog ကဒါရိုက်တာ Neil Druckmann ရဲ့ ပြောကြားချက်အရ ကုမ္ပဏီတည်ထောင်ခဲ့တဲ့သက်တမ်း ၃၅ နှစ်အတွင်းမှာ The Last of Us ll ဂိမ်းကိုဖန်တီးတည်ဆောက်ချိန်ဟာ စုစုပေါင်းအချိန်ငါးနှစ်တာ ရှိပြီး အဲဒီအချိန်ကာလဟာ Naughty Dog အတွက်တော့ ဂိမ်းတစ်ခုကိုဖန်တီးခဲ့တဲ့ အကြာဆုံးသောအချိန်အတိုင်းအတာဖြစ်တယ်လို့ ဆိုပါတယ်။
ထွေလာမှာပြသခဲ့ပုံအရဆိုရင် The Last of Us (Part ll) ထွက်ရှိလာမယ့်နေ့စွဲကတော့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ဖြစ်ပြီး ကျွန်တော်တို့အားလုံး အချိန်ငါးလလောက် စောင့်ဆိုင်းရဦးမှာပါ။ Naughty Dog ရဲ့ပြောင်မြောက်တဲ့အနုစိတ်လက်ရာတစ်ခုဖြစ်တဲ့ The Last of Us ll အနေနဲ့ ဘယ်လိုမျိုးပုံစံနဲ့ အားလုံးဆီကိုရောက်ရှိလာမှာလဲ? ငါးနှစ်အကြာမှာတွေ့ရတဲ့ Ellie ရဲ့ရင့်ကျက်လာမှုတွေနဲ့ ရဲရင့်ပြတ်သားလာမှုတွေဟာ အရာအားလုံးကိုရင်ဆိုင်ကျော်ဖြတ်ဖို့ လုံလောက်ပါ့မလား? Joe ကိုယ်တိုင်ကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မှာလဲ? အဖြေရှာမရတဲ့သတ္တဝါတွေအပြင် ဘယ်လိုမျိုးရန်သူတွေနဲ့ ရင်ဆိုင်ရမှာလဲ? အစရှိတာတွေကိုတော့ The Last of Us (Part ll) ဂိမ်းထွက်ရှိလာတဲ့အချိန်မှာသာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခံစားဖို့ တိုက်တွန်းရင်း အားလုံးကိုနှုတ်ဆက်လိုက်ရပါတယ်။ နောင်လာမယ့် ဂိမ်းအကြောင်းအရာတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ ဖတ်ရှုမှုများအားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းပြောရင်း The Last of Us (Part ll) ဂိမ်းထဲက ဇာတ်ဝင်ခန်းတချို့နဲ့ အငွေ့အသက်ကိုပြန်လည်ခံစားလိုသူတွေအတွက် အောက်မှာ The Last of Us ll ဂိမ်းတွင်းဓါတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
Yan
No comments:
Post a Comment