Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, September 11, 2019

၂၁ ရာစုသမိုင်းတစ်လျှောက်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးစစ်မဟာမိတ်အဖွဲ့များ (ဒုတိယပိုင်း)



ဟိုးယခင် ၂၀ ရာစုကနေပြီး လက်ရှိမျက်မှောက်ခေတ်ရာစုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးက ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ အင်အားကြီးစစ်မဟာမိတ်အဖွဲ့တွေကို စာဖတ်သူတွေဗသုသုတရစေဖို့ ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးတစ်စောင်လုံးကို ပထမပိုင်းနဲ့ ဒုတိယပိုင်း အပိုင်းနှစ်ပိုင်းခွဲပြီး ပြုစုရေးသားခဲ့ရာကနေ အခုဆိုရင်တော့ အရင်တစ်ပိုင်းရဲ့နောက်ဆက်တွဲကို တင်ဆက်ဖို့ အချိန်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လက်တွဲပေါင်းစည်းမှုကို ကိုယ်စားပြုတဲ့မဟာမိတ်အဖွဲ့တွေကို ဖော်ပြပေးချင်တဲ့အတွက် စစ်ရေးအရသာမက ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာမှာ လူမှုစီးပွားရေးနဲ့ သြဇာအာဏာအားကောင်းစေဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံပေါင်းစုအသင်းအဖွဲ့တွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။ ဒီတော့ ဒီတစ်ပိုင်းစမဖတ်ခင်မှာ ပထမတစ်ပိုင်းကို သွားရောက်ဖတ်ရှုဖို့ တိုက်တွန်းရင်းနဲ့ ဒီဆောင်းပါးကို ကြိုက်နှစ်သက်တဲ့စာဖတ်ချစ်သူတွေကိုလည်း ဖတ်ရှုပြီးရင် ကိုယ့်ရဲ့လူမှုကွန်ယက်နဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ တဆင့်ပြန်လည်မျှဝေပေးဖို့ ပြောလိုက်ချင်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့ဗျာ။


နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)

နိုင်ငံပေါင်းချုပ်အသင်းကြီးကို ၁၉၁၉ ခုနှစ်နဲ့ ၁၉၂၀ ခုနှစ်အတွင်း ဗာဆိုင်းစာချုပ်အရ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အစိုးရတွေကြားက အဖွဲ့အစည်းဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အထိ အဖွဲ့ဝင်နိုင်ငံ ၅၈ နိုင်ငံရှိခဲ့ပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ အတိုင်းအတာ အကြီးမားဆုံး ကာလလည်းဖြစ်ခဲ့ပါတယ်။ အသင်းချုပ်၏ ရည်ရွယ်ချက်တွေကတော့ အမျိုးသမီးအခွင့်အရေး၊ စစ်သား အခွင့်အရေး၊ လူဖြူမဟုတ်သူတွေရဲ့အခွင့်အရေး အစရှိတဲ့အခြေခံ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြား ကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့ခြင်းမှာ နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စစ်မက်တားဆီးရေး ရည်မှန်းချက် မအောင်မြင်သည့် သာဓကတစ်ရပ်ဖြစ်တာကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးကို လက်ရှိကမ္ဘာ့ကုလသမဂ္ဂအဖြစ် ပြန်လည် အစားထိုးဖွဲ့စည်းခဲ့ပါတယ်။
 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (United Nations)

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရေးထိုးခြင်းနဲ့အတူ သွေးသစ်လောင်းဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ဖြစ်ပါတယ်။ အရှေ့ကဖျက်သိမ်းခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဆက်ခံထားတဲ့ အဖွဲ့အစည်းဖြစ်သလို လက်ရှိမှာကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဖွဲ့ကြီးရဲ့အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတကာတရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေးဖွံဖြိုးတိုးတက်မ၊ှု အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတည်မြဲစေဖို့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ အထွေထွေညီလာခံကျင်းပခြင်းနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေကိုယ်စား တက်ရောက်သူကိုယ်စားလှယ်များဟာ ကမ္ဘာ့အရေးအရာတွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။ ဒါ့ပြင်ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေကတော့ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်နဲ့ ဆိုဗီယက်ရုရှားတို့ဖြစ်ပြီး ဗီတိုအာဏာကို အသုံးပြုခွင့်ရှိပါတယ်။
 

ဥရောပသမဂ္ဂအဖွဲ့ (European Union)

အီးယူလို့လည်းခေါ်တွင်ကျတဲ့ ဥရောပသမဂ္ဂဟာလည်း အဖွဲ့ဝင် ၂၈ နိုင်ငံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေးရာ ဥရောပနိုင်ငံများဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေဟာ အဓိကအားဖြင့် ဥရောပတိုက်မှာ တည်ရှိပြီး ဥရောပသမဂ္ဂကို မက်စ်ထရစ်စာချုပ်အရ ၁၉၉၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂဧရိယာအတွင်း နေထိုင်သူလူဦးရေမှာ ခန့်မှန်းခြေ သန်း ၅၁၀ ကျော်ခန့် ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဥရောပတိုက်နိုင်ငံတွေအနေနဲ့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့အတွက် ကကွဲကွဲအပြားပြားဖြစ်ခဲ့ရတဲ့ ဥရောပနိုင်ငံတွေကို လူမျိုးရေး၊ ယဉ်ကျေးမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတို့အရ စုစည်းညီညွတ်တဲ့ ဥရောပတိုက်ကြီးဖြစ်လာရေးအတွက် ဦးတည်ရည်မှန်းပြီး လှုပ်ရှားမှုတွေ စတင်ဖြစ်တည်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့စာချုပ်နဲ့အတူ အဖွဲ့မှာ မူလပါဝင်သောနိုင်ငံ (၆) နိုင်ငံကတော့ ဘယ်လဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အဲဒီနောက် ဒိန်းမတ်၊ အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတို့က ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှာပါဝင်ခဲ့ပြီး ဂရိနိုင်ငံက ၁၉၈၁ ခုနှစ်၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့ကလည်း ၁၉၈၆ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြပါတယ်။ ၁၉၉ဝပြည့်နှစ်၊ အောက်တိုဘာလမှာ နှစ်ခြမ်းကွဲနေတဲ့ အရှေ့အနောက် ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းမိချိန်မှာတော့ ယခင်က ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာလည်းပဲ ချက်ချင်းဆိုသလို ဥရောပသမဂ္ဂအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
 

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) 

ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ထဲမှာ အသင်းဝင်ဖြစ်ကြောင်းကို အားလုံးသိရှိပြီးလောက်ပြီ ထင်ပါတယ်။ အာဆီယံအဖွဲ့ဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ ပေါင်းစည်းဖွဲ့စည်းထားတဲ့ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာအသင်းဖြစ်ပါတယ်။  အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများဟာ ၁၉၆၇ ခုနှစ်မှာ အာဆီယံကြေငြာချက် (ဘန်ကောတ်ကြေငြာစာတမ်း)ကို လက်မှတ်ရေးထိုးပြီး အာဆီယံအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ထပ်ပြီး ပါဝင်လာတဲ့နိုင်ငံတွေကတော့ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ဖြစ်ပြီး စုစုပေါင်း ၁၀ နိုင်ငံအထိဖြစ်လာခဲ့ပါတယ်။ အာဆီယံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ အရှေ့တောင်အာရှ အသိုင်းအဝန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ တည်ဆောက်ရေး၊ နိုင်ငံအသီးသီး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြောင့်မှန်ညီညွတ်တဲ့ စိတ်ဓာတ်များမှတဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှု၊ ယဉ်ကျေးမှုနဲ့ ဖွံဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်တို့ပဲ ဖြစ်ကြပါတယ်။

ကဲ ဒီလောက်ဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရာစုနှစ်အသီးသီးမှာ ဖွဲ့စည်းခဲ့ကြတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမယ့် စစ်မဟာမိတ်အဖွဲ့တွေနဲ့ နိုင်ငံ့လူမှုစီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်တွေကြောင့် လက်တွဲဖွဲ့စည်းခဲ့တဲ့ နိုင်ငံပေါင်းစုအသင်းအဖွဲ့တွေအကြောင်းကို ဗဟုသုတဖြစ်ဖွယ်သိရှိလောက်ပြီ ထင်ပါတယ်။ G20, G7 နဲ့ BRICS အစရှိတဲ့ အခြားအစုအဖွဲ့တွေကို ဖော်ပြပေးဖို့ ကျန်သေးမယ့် အခုတင်ဆက်ပေးခဲ့တဲ့ အဖွဲ့တွေကို အရင်ဆုံး သိသင့်သိထိုက်တယ်လို့ ယူဆတဲ့အတွက် စာစောင်မှာဖော်ပြပေးဖို့ ရွေးချယ်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ပြီး နိုင်ငံရေးနဲ့ စစ်ရေးစစ်ရာအကြောင်းတွေကို ရေးသားမျှဝေသွားမှာဖြစ်လို့ စောင့်ဆိုင်းနိုင်ကြောင်း ပြောကြားရင်း ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောလိုက်ရပါတယ်။

Yan
Ref: Wikia, မြန်မာ့စွယ်စုံကျမ်း

No comments:

Post a Comment