Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, September 17, 2019

ပိုလာရွိုက်ကင်မရာဟောင်းတစ်လုံးက ကြမ္မာဆိုးတွေကို ယူဆောင်လာတဲ့အခါ (Polaroid 2019 Movie Rating)




ကြောက်ဖို့ကောင်းတဲ့ဇာတ်ကားတွေကို ကျွန်တော်တို့တတွေဟာ သရဲကားလို့သာ အလွယ်ခေါ်နေကြပေမယ့် တကယ်တမ်းမှာ သွေးပျက်ခြောက်ခြားဖွယ်စိတ်ခံစားချက်နဲ့ ထိတ်လန့်မှုရသကို ပေးစွမ်းတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးတွေကို သရဲကား (horror film) လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။ အဲဒီလို horror ဇာတ်ကားတွေမှာမှ ကွဲပြားတဲ့အမျိုးအစားများစွာရှိပါတယ်၊ လူတွေအသိများတဲ့ပုံစံတွေဖြစ်တဲ့ သရဲကား၊ လူသတ်ကား၊ ဖြစ်ရပ်မှန်၊ ဇာတ်လမ်းတိုရုပ်ရှင်တွေဟာ ကျွန်တော်တို့နဲ့အရင်းနှီးဆုံးဖြစ်ပြီး ဟိုးယခင်ကတည်းကနေ အခုအချိန်အထိ horror film တွေ ဈေးကွက်ထဲမှာရှိနေတာဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေအနေနဲ့ အကြောက်တရားကိုခံစားလိုတဲ့စိတ်၊ အတည်တကျအဓိပ္ပါယ်ဖွင့်ဆိုမရတဲ့အရာအပေါ်မှာ စူးစမ်းလေ့လာချင်တဲ့စိတ်နဲ့ ကိုယ့်နားလည်မှုအတိုင်းအတာကို ကျော်လွန်သွားတဲ့ အခြားတစ်ဖက်ကအရာတွေကို ထိတ်လန့်တဲ့စိတ်တွေကြောင့်လို့

အခြေခံကျကျသတ်မှတ်နိုင်ပါတယ်။ လတ်တလောမှာ ကျွန်တော်ကြည့်ဖြစ်တဲ့ရုပ်ရှင်တွေထဲက ကောင်းနိုးရာရာတွေကို ထုတ်နှုတ်ပြီးအကဲဖြတ်သုံးသပ်ချက်ပေးဖို့ အတွေးရတာကြောင့် အခုလိုအချိန်မှန်တင်ပေးသွားမယ့် ရုပ်ရှင် review နဲ့ rating ဆောင်းပါးကို ရေးသားဖြစ်ခဲ့တာဖြစ်ပါတယ်။ ကဲ ဒီတစ်ခေါက်အားလုံးနဲ့ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးရေးကဏ္ဍပြီးစီးသွားခဲ့တာဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာမှ တကယ်တမ်းထွက်ရှိလာခဲ့တဲ့ Polaroid ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပိုလာရွိုက်ကင်မရာဟောင်းတစ်လုံးက ကြမ္မာဆိုးတွေကို ယူဆောင်လာတဲ့အခါ ဘယ်လောက်ထိဆိုးသွမ်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာမလဲ? ဒီရုပ်ရှင်ကိုအလုံးစုံအကျဉ်းချူပ်ပြီး ဘယ်လိုမြင်လဲ? Rating ဘယ်လောက်ရမလဲ? အစရှိတာတွေကို ကြည့်လိုက်ကြစို့လားဗျာ။

ဒီ Polaroid ရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက Horror film ချစ်သူများအားလုံး တစ်ခဲနက်ကြိုက်နှစ်သက်ခဲ့ရတဲ့ “The Ring” နဲ့ “Grudge” တို့ရဲ့ နောက်ကွယ်က ပရိုဂျူဆာ Lars Klevberg ဖန်တီးခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတိုကို ရုပ်ရှင်ဇာတ်ကားတစ်ကားအနေနဲ့ အကျယ်ဖြန့်ပြီး ပြန်လည်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဇာတ်အကြောင်းကိုပြန်ပြောင်းပြောပြရရင် တိတ်ဆိတ်သိုသိပ်စွာ တစ်ယောက်တည်းနေလေ့ရှိတဲ့ ဆယ်ကျော်သက်ကျောင်းသူ Bird Fitcher ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Tyler Young ဆီက ပိုလာရွိုက်ကင်မရာတစ်လုံးကို လက်ဆောင်ရခဲ့ရာကနေ အရာအားလုံးစတင်ခဲ့တယ်လို့ဆိုရမှာပါ။ ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Bird ဟာ မိခင်ဖြစ်သူနဲ့နှစ်ဦးတည်းနေထိုင်သူဖြစ်ပြီး အရာဝတ္ထူတွေရဲ့ပကတိအလှတရားကို ဓါတ်ပုံရိုက်ယူခြင်းနဲ့ ပုံဖော်ရတာကြိုက်သူ ဝါသနာရှင်ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ Tyler ဟာ အဲဒီပိုလာရွိုက်ကင်မရာလေးကို တကူးတကအဟောင်းဆိုင်ကရှာပြီး Bird အသုံးပြုဖို့အတွက် လက်ဆောင်ပေးရင်း Bird ကိုစိတ်ဝင်စားနေတဲ့ဆိုတဲ့အကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ ရုတ်တရတ်မျှော်လင့်မထားတဲ့အခြေအနေကို ကြုံလိုက်ရတဲ့ Brid ဟာ Tyler ပေးတဲ့ ပိုလာရွိုက်ကင်မရာကို လက်ကကိုင်ရင်း ရှက်တီးရှက်ပြာနဲ့ သူမ ညနေပိုင်းအလုပ်လုပ်တဲ့ဆိုင်ကနေ ခပ်သုတ်သုတ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပိုလာရွိုက်ကင်မရာ ကောင်းမကောင်းကို စမ်းသပ်တဲ့အနေနဲ့ Tyler ကိုရိုက်ခဲ့မိတဲ့ဓါတ်ပုံမှာ ဘာတွေမှားယွင်းနေလဲဆိုတာကိုတော့ ဘယ်သူမှသတိမထားမိခဲ့ပါဘူး။ အဲဒီညဟာ ဟောလိုးဝင်း (Holloween) ညပါ၊ ညနေစွန်းစွန်းရောက်တဲ့အခါ Bird ရဲ့ အခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ Kasey ဟာ အိမ်ကိုအလည်လာရင်း ကျောင်းကသူငယ်ချင်း Avery ရဲ့အိမ်မှာကျင်းပတဲ့ ဟောလိုးဝင်းညပါတီကို အတူသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီလိုနဲ့ Bird နဲ့ Kasey နှစ်ယောက်ရယ် Mina နဲ့ Devin သူငယ်ချင်းစုံတွဲရယ် Avery ရဲ့ဟောလိုးဝင်းပါတီကို အတူတကွ ထက်သွားပါတော့တယ်။

ပွဲကိုရောက်သွားတဲ့လူတွေနဲ့စည်ကားလို့နေပြီး လူတွေကြားထဲမှာနေရထိုင်ရကျဉ်းကျပ်နေတဲ့ Bird ဟာ အပေါ်ထပ်ကိုတက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပိုလာရွိုက်ကင်မရာကို လမ်းတစ်လျှောက်လုံး ယူဆောင်လာခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုမှန်း သူမကိုယ်တိုင်တောင် မခံစားမိခဲ့ပါဘူး။ အဲဒီအချိန်မှာ Bird စိတ်ဝင်စားနေတဲ့ Connor နဲ့အမှတ်မထင်ကြုံကြိုက်ပြီး နှစ်ယောက်သား စကားစမြည်ပြောနေချိန်မှာ ပွဲအတူလာတဲ့သူငယ်ချင်းတွေအပြင် ပွဲကျင်းပသူ Avery တို့ အပေါ်ထပ်ကိုရောက်လာပြီး ဟောလိုးဝင်းနေ့ အမှတ်တရဓါတ်ပုံကို အဲဒီပိုလာရွိုက်ဓါတ်ပုံနဲ့ ရိုက်ယူလိုက်မိချိန်မှာတော့ အရာအားလုံးဟာနောက်ပြန်လှည့်ဖို့ ခက်ခဲသွားခဲ့ပါပြီ။ ရုတ်တရတ်ကြီးဆိုသလို Avery တို့ရဲ့ဟောလိုးဝင်းပါတီကို ဌာနဆိုင်ရာရဲအဖွဲ့ဝင်တွေရောက်လာပြီး လူတွေကြားထဲကနေ Bird ကိုလာရောက်ခေါ်ထုတ်သွားခဲ့ပါတယ်။ ဘာအပြစ်များလုပ်ထားလဲဆိုပြီး စိုးထိတ်နေတဲ့ Bird အနေနဲ့ ရဲမှူး Pembroke ဆီက မထင်မှတ်ပဲသိလိုက်ရတဲ့အရာကြောင့် အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နာရီပိုင်းလေးမှာတင် အတူတွေ့ပြီး သူ့ကိုပိုလာရွိုက်ကင်မရာလက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Tyler ဟာ အဖြေရှာမရလောက်အောင် ပဟေဠိဆန်စွာ သေဆုံးသွားပြီဆိုတာပါပဲ။ ကဲ အဲဒီလိုဆိုးရွားတဲ့အဖြစ်အပျက်တွေ ဖြစ်လာအောင် ဘယ်သူကများ ကြံစည်ဖန်တီးနေတာပါလဲ? ဘယ်လိုရည်ရွယ်ချက်ကြောင့် အဲဒီပိုလာရွိုက်ကင်မရာနဲ့ ဓါတ်ပုံအရိုက်ခံလိုက်ရသူမှန်သမျှ ကြမ္မာဆိုးတွေနဲ့ ကြုံတွေ့ရတာလဲ? ပိုင်ဆိုင်သူများရှိခဲ့ရင် အဲဒါကဘယ်သူများဖြစ်မလဲ? အစရှိတာတွေကိုတော့ အားလုံးပဲကိုယ်တိုင်ကိုယ်ကျကြည့်ရှုပြီး အဖြေရှာရမှာပါ။ ဒီဇာတ်ကားမှာ အခြေခံထားတဲ့ဇာတ်ကြောင်းဟာ ရိုးရှင်းတယ်၊ ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးဟာ ဆယ်ကျော်သက်တွေအဖြစ်ပါဝင်ထားတဲ့အတွက် ကြည့်ရတာ လတ်ဆတ်အမြင်ကိုပေးသလို ငယ်ရွယ်သူတွေရဲ့ ဆင်ရိုင်းတောတိုးလုပ်တတ်တဲ့ အမူအကျင့်တချို့ကို တွေ့မြင်ရမယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့နေရာကိုယ်စီနဲ့ ဇာတ်အသွားအလာဟာ အစပ်အဟပ်တည့်တယ်၊ ပြသတဲ့ပတ်ဝန်းကျင်နဲ့ထည့်သွင်းထားတဲ့လောကဟာ မကျယ်ပြန့်ပေမယ့် ဇာတ်အိမ်အတွက်လုံလောက်မှုရှိသလို သူ့အိုးနဲ့သူ့ဆန် ကြည့်ရတာပြည့်စုံမှုရှိပါတယ်။ ကြည့်ခဲ့မြင်ခဲ့ပြီးသား ဂန္တဝင်ဆန်တဲ့ horror ကားတွေထဲကတစ်ကားလို့ သတ်မှတ်မရပေမယ့် အချိန်ပေးပြီးကြည့်ရတာတော့ တန်တယ်လို့ယူဆမိတဲ့ horror film တစ်ခုပါ။ ကဲ အကဲဖြတ်သုံးသပ်မှုတွေအပြီးမှာတော့ တစ်ကားကိုခြုံငုံပြီးဘယ်လိုမြင်လဲ၊ rating ဘယ်လောက်ပေးမှာလဲဆိုတာကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။

Rating: 6.7/10 (6.7 Out Of 10)
Genre: Horror
Directed By: Lars Klevberg
Written By: Blair Butler Cast: Kathryn Prescott, Connor Bell, Samantha Logan, Keenan Tracey, Priscilla Quintana, Javier Botet, Mitch Pileggi, Katie Stevens, Davi Santos.
Studio: Dimension Films


Yan

Yan

No comments:

Post a Comment