Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, September 18, 2019

Harley Quinn အကြောင်းကို အသားပေးဖော်ပြထားတဲ့ Birds of Prey ရုပ်ရှင်နဲ့ DC ရဲ့ဦးတည်ချက်က ဘယ်ကိုမြှားဦးလှည့်နေလဲ?


၂၀၁၆ ခုနှစ်ရဲ့ Suicide Squad ထွက်ရှိအပြီးမှာ ထင်မှတ်ထားသလို ဖြစ်မလာတဲ့ DC Comic ရဲ့ live action ရုပ်ရှင်တွေကြောင့်DC အနေနဲ့ ပရိသတ်တွေကျေနပ်အားရလောက်တဲ့ ယုံကြည်မှုကိုတည်ဆောက်ဖို့ ပိုမိုခက်ခဲခဲ့ပါတယ်။ ဟိုးယခင် ၂၀ ရာစုနှစ်ကတည်းက Comic လောကမှာ ဒိတ်ဒိတ်ကြဲခေတ်ပြိုင်များဖြစ်ခဲ့တဲ့ DC နဲ့ Marvel အားချင်းယှဉ်မှုဟာ ဘယ်လိုနယ်ပယ်တိုင်းမှာမဆို တစ်ဖက်ထက်တစ်ဖက်က ပိုမိုသာလွန်ဖို့ကိုသာ တွေးခဲ့ပါတယ်။ ဒါပေမယ့် ရာစုနှစ်သက္ကရာဇ်တွေ တဖြည်းဖြည်းကုန်ဆုံးလာတာနဲ့အမျှ ရုပ်ရှင်လောကဟာလည်း ဖွံဖြိုးတိုးတတ်လို့လာတာကြောင့် DC နဲ့ Marvel ဟာ လူကြိုက်များတဲ့ သူတို့ရဲ့ နာမည်ကျော်ဇာတ်ကောင်တွေကို Comic နယ်ပယ်ကနေတဆင့် live action အဖြစ် အသက်ကိုယ်စီသွင်းလို့လာကြပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ပြောစမှတ်တွင်ကျန်ရစ်ပြီး နာမည်ကျော်ခဲ့ကြတဲ့ DC နဲ့ Marvel တို့ရဲ့ superhero ကား ကိုယ်စီရှိခဲ့ကြသလို ယမင်နှစ် ၂၀၁၉ အထိလည်း DC နဲ့ Marvel ဟာ သူတစ်လူကိုယ်တစ်မင်း ယှဉ်ပြိုင်နေကြဆဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ DC ရဲ့ Dark Knight ဟာ Marvel ကို အပြတ်အသတ်အနိုင်ယူခဲ့တဲ့ ဖန်တီးမှုတစ်ခုဖြစ်တယ်ဆိုပေမယ့် ၂၀၁၂ ခုနှစ်ကနေစပြီး အခု ၂၀၁၉ ခုနှစ်အထိ ဖန်တီးမှုနည်းပညာမြင့်မားစွာနဲ့ အချိတ်အဆက်မိမိ ပရိသတ်ကိုစွဲဆာင်လာခဲ့တဲ့ မြောက်မြားစွာသော superhero ရုပ်ရှင်ဇာတ်ကားများကြောင့် live action နဲ့ရုပ်ရှင်လောကမှာ Marvel ဟာ DC ထက် ခြေလှမ်းများစွာသာလို့ နေပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ်ရဲ့အလွန်နောက်ပိုင်းခုနှစ်တွေမှာတော့ အနေအထားဟာ တစ်မျိုးပြောင်းလာဖွယ်ရှိတယ်လို့ နှစ်ဖက်စလုံးကိုစောင့်ကြည့်နေကြတဲ့ မီဒီယာကြီးများနဲ့ ရုပ်ရှင်လောကသုံးသပ်သူများက ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ခုနှစ်တွေကအထိ DC ဖက်ကရိုက်ကူးခဲ့တဲ့ superhero ဇာတ်ကားတွေကို ပြန်လည်သုံးသပ်မယ်ဆိုရင် Marvel နဲ့ ဦးတည်ချက်တူစွာပဲ superhero ဒါမှမဟုတ် villain များပေါင်းစည်းထားတဲ့ live action ရုပ်ရှင်တွေကိုပဲ တောက်လျှောက်ဦးစားပေးဖန်တီးခဲ့တာပါ။ ဒါပေမယ့် နှစ်ပေါင်းများစွာ အသေအချာတည်ဆောက်လာခဲ့ပြီး လက်ရှိမှာအခြေခိုင်မြဲနေတဲ့ အင်အားကြီးမားလှတဲ့ Marvel ရဲ့ အလုံးစုံသောဖြစ်တည်မှုကို အလားတူ live action ဇာတ်ကားတွေနဲ့ ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမှန်း အဲတုန်းက DC ဟာ မရိပ်မိခဲ့ပါဘူး။ ဒါပေမယ့် Wonder Woman, Aquaman, Shazam နဲ့ Joker ရုပ်ရှင်တွေ ထွက်ရှိလာအပြီးမှာ ပရိသတ်တွေနဲ့မီဒီယာတွေရဲ့ အတိုင်းထက်အလွန်ပေးခဲ့ကြတဲ့ review နဲ့ rating တွေကြောင့် DC ဟာ Marvel အပေါ်မှာရှိနေတဲ့ သူတို့ရဲ့အားသာချက်ကဘာလဲဆိုတာ မြင်သွားခဲပါတယ်။ အဲဒါကကတော့ ဘယ်သူမှ တီဗီဖန်သားပြင်ပေါ်မှာ မယ်မယ်ရရမမြင်ရသေးတဲ့ Comic ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အကြောင်းကို live action ရုပ်ရှင်ကြီးတွေအဖြစ် အနုပညာမြောက်စွာဖန်တီးလိုက်မယ်ဆိုရင် ပရိသတ်များကအသည်းခိုက်အောင် ကြိုက်ကြတယ်ဆိုတာကို သဘောပေါက်ခဲ့တာပါပဲ။



တစ်ကမ္ဘာလုံးကပရိသတ်တွေအားလုံး အစကနေအဆုံးသိမြင်ပြီးသွားတဲ့ Marvel Universe အတွက်တော့ ရှိနေပြီးဇာတ်ကောင်များကို ဘယ်လိုမှအမြင်သစ်နဲ့မြင်အောင် ဖန်တီးလို့မရနိုင်ပေမယ့် DC ဖက်ကတော့ အခုမှအစပျိုးရုံလေးတင်ရှိနေတဲ့ အနေအထားပါ။ နောက်ထပ်အားသာချက်တစ်ခုက DC ထဲကဇာတ်ကောင်တွေဟာ Marvel ဇာတ်ကောင်တွေထက် ဖြစ်တည်မှုအရရော၊ ဇာတ်ကြောင်းပုံပြင်အရရောပါ ပိုမိုလေးနက်ပြီး စိတ်ဝင်စားဖို့ကောင်းနေတာပါပဲ။ ဒါကြောင့်မို့လည်း superhero တွေစုပေါင်းထားတဲ့ live action ဇာတ်ကားတွေထက် Comic Character တစ်ဦးချင်းစီကို အသေးစိတ်ဦးတည်ထားတဲ့ ရုပ်ရှင်မျိုးကို အနုပညာအမြောက်ဆုံးပုံစံနဲ့ ဖန်တီးဖို့ DC က ရွေးချယ်ခဲ့တာပါ။ အဲဒီလိုအားသာချက်ရဲ့ရလဒ်ကို မကြာသေးခင်ကမှထွက်ရှိထားတဲ့ Shazam, ၂၀၁၈ ခုနှစ်ရဲ့ Aquaman နဲ့ အော်စကာဆုဆွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ Joker ဇာတ်ကားတွေမှာ အတိုင်းသားတွေ့မြင်နေရပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလည်း Harley Quinn ကိုအဓိကဇာတ်ကောင်နေရာမှာထားပြီး DC ရဲ့အခြားသော Comic Character များဖြစ်ကြတဲ့ Black Canary, Huntress, ဂေါ်သန်မြို့ရဲတပ်ဖွဲ့က စုံထောက် Renee Montoya, ဗီလိန် Black Mask နဲ့ Victor Zsasz တို့ကို Birds of Prey ဇာတ်ကားနဲ့အတူ ရုပ်ရှင်ပိတ်သားပြင်ထက်မှာ ပထမဦးဆုံးအကြိမ် မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။ နှစ်ပေါင်းတောက်လျှောက် မျှော်လင့်ချက်ရောင်ခြည်ကို မမြင်ခဲ့ရတဲ့ DC fan များရဲ့ မျက်ရည်ဝဲနေတဲ့ပီတိများကို လာမကြည့်လည်း အတိုင်းသားမြင်နေရတဲ့အတွက် စာရေးသူလည်း ထပ်တူထပ်မျှခံစားရပါတယ်။ ကဲ ဒီတော့ Harley Quinn ရဲ့သရုပ်ဆောင်ကွက်တွေနဲ့အတူ အခြားသောဇာတ်ကောင်သစ်တွေကို ချပြမိတ်ဆက်ထားတဲ့ Birds of Prey ဇာတ်ကားဟာ ဘယ်လိုဖြစ်မလဲဆိုတာကို အတူစောင့်ကြည့်ကြရင်း နောက်လာမယ့် အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။



Yan

No comments:

Post a Comment