နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာကျင်းပနေကြဖြစ်တဲ့ Sony ရဲ့ State of Play မှာ Resident Evil 3 Remake ကိုကြေညာပြသခဲ့လို့ ဂိမ်မာတွေအတော်လေးစိတ်ကျေနပ်ခဲ့ရပါတယ်။ အဲ ဒါပေမယ့် အချိန်သိပ်မကြာလိုက်ပါဘူး၊ အခုလေးတင်ပဲ ဂိမ်မာများအတွက်သတင်းကောင်း နောက်တစ်ခုကိုတင်ဆက်ပေးဖို့အချိန်ကျလာပြန်ပါပြီ။ အဲဒါကတော့ အခြားမဟုတ်ပါဘူး၊ အလားအလာရှိတဲ့ Playstation Exclusive ဂိမ်းသစ်အဖြစ် ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ဂိမ်းနယ်ပယ်တစ်ဝိုက်မှာရေပန်းစားနေတဲ့ Ghost of Tsushima ဂိမ်းပါပဲ။ လွန်ခဲ့တဲ့ ၇ နာရီလောက်ကပဲ Playstation ချန်နယ်ကတင်ပေးခဲ့တဲ့ Ghost of Tsushima ဂိမ်းရဲ့ The Ghost ဆိုတဲ့ဂိမ်းထွေလာအသစ်ကို အားလုံးပဲကြည့်ပြီးသွားလောက်ပြီထင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ ဒီဆောင်းပါးကိုအဆုံးသတ်ပြီးသွားမှပဲ အဲဒီထွေလာကို အစအဆုံးကြည့်ပြီး reaction လေးလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ နည်းပညာတွေ အံ့မခန်းတိုးတတ်လာတဲ့ခေတ်ကြီးမှာ မျိုးဆက်သစ်ဂိမ်းလောကအနေနဲ့ ဘယ်လိုမျိုးခြေလှမ်းတွေပဲ ဆက်လှမ်းလာလာပါ၊ စာရေးသူကတော့ ဇာတ်အိမ်ဇာတ်ကြောင်းနဲ့ ဇာတ်ကောင်စရိုက်၊ ဂိမ်းကစားဟန်ပြောင်မြောက်မှုအပေါ်မှာပဲ လုံးလုံးလျားလျားအသားပေးထားတဲ့ Single Player Game တွေ ဒါမှမဟုတ် Linear Game ဂိမ်းအသစ်တွေ ထွက်ရှိလာတဲ့အပေါ်မှာ လွန်စွာမှ ဝမ်းသာအားရမိပါတယ်။ ကဲ ဒီတော့ဗျာ၊ ရှည်ရှည်ဝေးဝေး စကားနွှေးမနေတော့ပဲ မူရင်းအကြောင်းအရာဖြစ်တဲ့ Ghost of Tsushima ဂိမ်းရဲ့ကောင်းမွန်တဲ့အလားအလာနဲ့ အနာဂတ်အခြေအနေကို ကျွန်တော်တို့တစ်ချက်လောက်ဆွေးနွေးသုံးသပ်ကြည့်ကြရအောင် 📚
ကျွန်တော်တို့ဂိမ်မာများဟာ ဟိုးငယ်စဉ်ကတည်းက စိတ်ဝင်စားဖို့ကောင်းပြီး ရင်တစ်လှပ်လှပ်ဖြစ်စေမယ့်အချို့ကွေ့များနဲ့တည်ဆောက်ထားတဲ့ ဇာတ်အိမ်အသားပေး၊ story-driven ဂိမ်းများနဲ့ ထိတွေ့ရင်းနှီးခဲ့ရတာဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းဆိုတာကြီးနဲ့ စတင်ရင်းနှီးသွားပြီဆိုကတည်းကိုက Single Player ဂိမ်းတစ်ခုခုမှာတော့ သက်ဝင်စီးမျောသွားပြီး ကမ္ဘာသစ်တစ်ခုမှာ ကျင်လည်ရတဲ့အတွေ့အကြုံခံစားချက်ကို အကြိုက်တွေ့သွားတယ်ဆိုတဲ့သဘောပါပဲ။ လက်ရှိအချိန်ထိ ဂိမ်းလောကကိုထိုးဖောက်နေဆဲဖြစ်တဲ့ God of War စီးရီး၊ Resident Evil စီးရီး၊ The Elder Scrolls စီးရီးနဲ့ Legend of Zelda ဂိမ်းများဟာ ဥပမာပေးစရာ သက်သေသာဓကကောင်းများပါပဲ။ ဒါဆိုရင်လာမယ့် ၂၀၂၀ ခုနှစ်မှာ ပရိသတ်အားလုံးလက်ထဲထည့်ပေးမယ့် စစ်သမိုင်းကြောင်းနဲ့ဇာတ်အိမ်ပုံပြင်အသားပေး Ghost of Tsushima ဂိမ်းကရော ဘယ်လိုမျိုးအနေအထားရှိမလဲဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းနေပါပြီ။ Ghost of Tsushima ရေးဆွဲဖန်တီးသူများဖြစ်တဲ့ Sucker Punch ဟာ ဒီဂိမ်းရဲ့ပွဲဦးထွက်ထွေလာကို၂၀၁၇ ခုနှစ် E3 ပွဲမှာချပြခဲ့သလို ဆာမူရိုင်းအတိုက်အခိုက်ဂိမ်းကစားဟန်၊ ၁၃ ရာစုဂျပန်ခေတ် သဘာဝရှုခင်းနဲ့အလှအပ၊ ဂိမ်းလောကကျင်လည်ရပုံနဲ့ ဇာတ်အိမ်အသွားအလာအစရှိတာတွေ တင်ဆက်ပေးခဲ့တဲ့ Gameplay ဗီဒီယိုများကိုလည်း ဂိမ်မာများအားလုံး ကြည့်ပြီးသွားလောက်ပြီ ထင်ပါတယ်။ မှတ်မှတ်ရရပါပဲ၊ ဒီဂိမ်းထွေလာထွက်ရှိလာတဲ့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းကာလတစ်ဝိုက်မှာပဲ Ghost of Tsushima နဲ့ပတ်သတ်တဲ့ဆောင်းပါးရှည်တစ်ခုကို စာရေးသူရေးသားပြီး မီဒီယာတစ်ချို့ကတင်ဆက်ပေးခဲ့သလို ၂၀၁၉ ကုန်ဆုံးခါနီး အခုအချိန်ထိလည်း ဒီဂိမ်းဟာ မထွက်ရှိသေးတာကြောင့် နောက်တစ်ပုဒ်ရေးရဖို့ အကြောင်းဖန်လာတာတော့အမှန်ပါပဲ။ Ghost of Tsushima ဂိမ်းဟာ မြေရှင်ပဒေသရာဇ်ဂျပန်ခေတ်၊ ၁၃ ရာစုကနဦးပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်၊ မွန်ဂိုစစ်သမိုင်းအပေါ်မှာ ဇာတ်ကြောင်းတည်ထားတဲ့ဂိမ်းဖြစ်တဲ့အပြင် ဟိုးတစ်ချိန်က ဂုဏ်သိက္ခာနဲ့သစ္စာစောင့်သိလွန်းတဲ့ ဂျပန်စစ်သူရဲကောင်းများဖြစ်တဲ့ ဆာမူရိုင်းများဘက်က ဇာတ်အိမ်ယူထားတာဖြစ်တဲ့အတွက် ဒီဂိမ်းအကြောင်းစစသိကတည်းက သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတစ်ယောက်ပီပီ ရင်ခုန်ခဲ့မိရာကစပြီး ဆောင်းပါးတစ်ပုဒ်လုံး ရေးဖြစ်ခဲ့တာဖြစ်ပါတယ် 🤓✒️
၂၀၂၀ ခုနှစ်မှာထွက်ရှိလာမယ့် Ghost of Tsushima ရဲ့နောက်ထပ်အပိုင်းအစအသစ်တွေကို The Ghost ထွေလာမကြည့်ရသေးတဲ့အတွက် ဘာတွေထည့်သွင်းပြသထားသလဲကိုတော့ သေချာမသိသေးပါဘူး။ ဒါပေမယ့် နာမည်ကျော် Linear Game တွေကို ဖန်တီးတဲ့နေရာမှာ အရည်အသွေးပြောင်မြောက်တဲ့ Sucker Punch ကတော့ ဂိမ်မာတွေရင်ထဲစွဲထင်ကျန်စေခဲ့မယ့်အရာမျိုးကို ဒီဂိမ်းထဲမှာချပြသွားမယ်ဆိုတာ ချွင်းချက်မရှိယုံကြည်ပါတယ်။ ၂၀၂၀ ဟာ ဂိမ်းလောကအတွက်တော့ ရင်ခုန်စရာခုနှစ်ဖြစ်သလို ဂိမ်မာများအားလုံးစောင့်မျှော်နေကြတဲ့ဂိမ်းတွေချည်းပဲ ထွက်ရှိလာမှာဖြစ်တဲ့အတွက် အတော်ပွဲကြပ်တဲ့နှစ်လည်းဖြစ်ပြန်ပါတယ်။ ဟိုးတစ်ခေတ်က သွေးချောင်းစီးတဲ့သမိုင်းကြောင်းကိုအခြေခံထားတဲ့ ဂိမ်းဇာတ်လမ်းနဲ့ပတ်သက်ပြီး ဂိမ်းလောကကျွမ်းကျင်သူများက သီအိုရီတွေထုတ်နေကြသလို တစ်ချို့ကလည်းဆွေးနွေးခန်းများဖွင့်ပြီး ဂိမ်းမီဒီယာများကတဆင့် ပရိသတ်တွေဆီတင်ပြလာကြပါတယ်။ ဒါပေမယ့် Ghost of Tsushima အနေနဲ့ ဘယ်လိုအကောင်အထည်မျိုးရှိသလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ရမှာကတော့ ဂိမ်မာများရဲ့တာဝန်ပါပဲ။ ဒီနှစ်လိုပဲ လွန်ခဲ့တဲ့တစ်နှစ်ကျော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာရေးသားဖြစ်ခဲ့တဲ့ " ၁၂၇၄ ခုနှစ် ဂျပန်၊ မွန်ဂိုစစ်သမိုင်းဇာတ်အိမ်ထဲက သေရွာပြန်စစ်သူရဲကောင်းတစ်ယောက်ရဲ့ကလဲ့စား Ghost Of Tsushima " ခေါင်းစဉ်နဲ့ ဆောင်းပါးလင့်ခ်ကိုလည်း ဒီပို့စ်အောက်မှာ တစ်ခါတည်းထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ Story-driven နဲ့ Linear Game ချစ်သူများအနေနဲ့ကတော့ လွန်ခဲ့တဲ့ခုနှစ်နာရီလောက်ကမှ ထွက်ရှိခဲ့တဲ့ Ghost of Tsushima: The Ghost ထွေလာကိုကြည့်ရင်း လတ်တလောတော့ စိတ်ဖြေနိုင်လိမ့်မယ်ထင်ပါတယ်။ ဒီတော့ Ghost of Tsushima နဲ့ပတ်သက်တဲ့ ဒီဒုတိယမြောက်ဆောင်းပါးကို စာဖတ်သူများဆီ လောလောလတ်လတ် တင်ဆက်ပေးရင်း ၂၀၂၀ ခုနှစ်၊ နွေရာသီအားလပ်ရက်မှာ ထွက်ရှိလာမယ့် Ghost of Tsushima ဂိမ်းကို ကျွန်တော်တို့အားလုံးအတူ စောင့်ဆိုင်းကြတာပေါ့ဗျာ 💜
Yan
No comments:
Post a Comment