Resident Evil စီးရီးနဲ့အတူအသက်ကြီးပြင်းခဲ့ရပြီး ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း၊ သည်းထိပ်ရင်ဖိုဇွန်ဘီဖုတ်ကောင်တွေနဲ့ပြည့်နေတဲ့ ဂိမ်းလောကမျိုးထဲမှာမှ အသက်ရှင်ရုန်းကန်ချင်တဲ့ Survival Horror ချစ်သူများအတွက် သတင်းကောင်းတစ်ခုက စောင့်ကြိုလို့နေပါတယ်။ အဲဒါကတော့ မကြာခင်မှာ CAPCOM ကထုတ်ပြတော့မယ်လို့ ယူဆရတဲ့ Resident Evil 3 Remake ရဲ့ဂိမ်းအဖုံး Cover Art ဓါတ်ပုံအချို့ အချိန်စောပြီးပေါက်ကြားလာခြင်းပဲဖြစ်ပါတယ်။ ဒါကဂိမ်မာများအတွက်၊ အထူးသဖြင့် RE စီးရီးရဲ့ချစ်သူများ Yahoo ရမယ့်ကိစ္စတစ်ခုပါပဲ။ အပြိုင်အဆိုင်တွေများတဲ့ မျိုးဆက်သစ်ဂိမ်းလောကထဲမှာ CAPCOM ကတော့ ထုတ်လုပ်နိုင်စွမ်းမြင့်တဲ့ ဂိမ်းရေးဆွဲဖန်တီးထုတ်လုပ်သူကုမ္ပဏီကြီးတစ်ခုပီပီ သူဟာ တစ်ကမ္ဘာလုံးနဲ့ချီရင်ဘောင်တန်းနေတာဖြစ်တယ်လို့ အားလုံးကိုကြေညာနေပါပြီ။ ဒီပို့စ်မှာဖော်ပြထားတဲ့ပုံများဟာ ဒီသတင်းကိုရေးသားရင်းတန်းလန်းနဲ့ လွန်ခဲ့တဲ့အချိန်ခြောက်နာရီလောက်ကတည်းက လူသိများပြီးနာမည်ရှိတဲ့ဂိမ်းမီဒီယာဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ Polygon, PC Gamer, Eurogamer, Gematsu နဲ့ အခြားသောဆိုဒ်များအပြင် Forbes ကပါ တင်ထားပြီးတာကြောင့် သတင်းအချက်အလက်မှန်ကန်တယ်လို့ ရာခိုင်နှုန်းပြည့်အတည်မှတ်ယူနိုင်ပါတယ် 💯🧐
ရုတ်တရတ်ကြီး YouTube ကြည့်နေရင်းက အစွန်းအဖျားလေးတွေ့လိုက်မိတဲ့အတွက်တော့ အခန်းမီးကိုပြန်ဖွင့်၊ လက်ပ်တော့ကိုပလပ်အမြန်ထိုးပြီး ဂိမ်းချစ်သူတွေအားလုံးကို ဦးဦးဖျားဖျားသိစေချင်တဲ့ဆန္ဒနဲ့ ဒီသတင်းဆောင်းပါးလေးကို ရေးဖြစ်ခဲ့တာပါ။ ဒီတစ်ခေါက်မှာ CAPCOM က Resident Evil စီးရီးနဲ့အတူ ဘယ်လိုမျိုးအံ့သြငေးမောစရာတွေ လုပ်လာဦးမလဲမသိပေမယ့် နောက်လာမယ့်တစ်ပါတ်မှာကျင်းပသွားမယ့် ၂၀၁၉ ခုနှစ်ရဲ့ The Game Awards 2019 မှာ ဒီဂိမ်းကိုကြေညာသွားမယ်လို့ ဂိမ်းလောကသုံးသပ်သူများက ထင်မြင်ချက်ပေးကြပါတယ်။ ဘာတွေပဲပြောပြော ဂိမ်းချစ်သူများအနေနဲ့ မကြာတော့တဲ့အချိန်မှာကျရောက်လာမယ့် The Game Awards 2019 ကိုလည်းစိတ်လှုပ်တရှားကြည့်ရင်း CAPCOM ရဲ့ Resident Evil 3 Remake သတင်းကိုပါ စောင့်မျှော်လိုက်ကြတာပေါ့ဗျာ။ အဲ နောက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပသွားမယ့် The Game Awards 2019 ပွဲအကြောင်းဆောင်းပါးကိုလည်း တင်ဆက်ပေးသွားဖို့ရှိတဲ့အတွက် အဲဒီတစ်ခေါက်ကျမှပဲ စာဖတ်ပရိသတ်များနဲ့အတူ ပြန်လည်ဆုံကြတာပေါ့ဗျာ။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်လျက် 💜
No comments:
Post a Comment