Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Saturday, October 5, 2019

အနုပညာလက်ရာမြောက်လွန်းခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Joker ဇာတ်ကားကို ရုပ်ရှင်လောကနဲ့ မီဒီယာကြီးတချို့က ဘယ်လိုမြင်လဲ? ♟♟


ကဲ အခုအချိန်ဟာအားလုံးရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ အခိုက်အတန့်ပါပဲ။ DC Comics Universe ရဲ့ နာမည်ကျော်လူသိအများဆုံး တစ်ကမ္ဘာလုံးကပရိသတ်တွေ အရူးအမူးကြိုက်ကြတဲ့ Batman ရဲ့မဟာရန်သူတော်ဗီလိန် Joker ရဲ့ တစ်ကိုယ်တော်ဇာတ်ကားဟာ ၂၀၁၉ ခုနှစ်ရဲ့ ရုပ်ရှင်ပိတ်ကားထက်ကို ရောက်ရှိလို့လာပါပြီ။ တိုက်ဆိုင်မှုတစ်ခုကတော့ ယမင်နှစ်ကထွက်ရှိခဲ့တဲ့ God Of War ဂိမ်းသစ်ကို ဂိမ်းမီဒီယာကြီးတွေ ဘယ်လိုမြင်သလဲဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဧပြီလတုန်းက ကျွန်တော်ရေးခဲ့ဖူးသလိုပဲ တူညီတဲ့ခေါင်းစဉ်အောက်မှာ ၂၀၁၉ ခုနှစ်ရဲ့ Joker ဇာတ်ကားအကြောင်းကို ကျွန်တော်ရေးသားရပြန်ပါပြီ။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှာ DC Comics ရဲ့အချစ်တော်ဗီလိန် Joker အဖြစ် တကယ့်အရည်အချင်းရှိပြီး နာမည်ကြီးတဲ့သရုပ်ဆောင်မင်းသားပေါင်းများစွာ ဝင်ရောက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ပြောင်းလဲလာတဲ့ခုနှစ်၊ သက္ကရာဇ်နဲ့အတူ ရုပ်ရှင်အနုပညာလောကဟာလည်း တရွေ့ရွေ့ခရီးဆက်လာတာနဲ့အမျှ အချို့သော Joker ဇာတ်ကောင်တွေရဲ့ အနုပညာတင်ဆက်မှုဟာ အံ့မခန်းပြောင်မြောက်လွန်းတာမို့ မေ့မရနိုင်တဲ့ဂန္တဝင်သရုပ်ဆောင်အဖြစ် လက်ရှိမျက်မှောက်ခေတ်အထိ ချီးမွမ်းလေးစားခံခဲ့ရတဲ့သူတွေ ခေတ်အဆက်ဆက်မှာ ထွက်ပေါ်လာခဲ့တာ အားလုံးလည်းမျက်မြင်ကိုယ်တွေ့ပါပဲ။ ကဲ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ တင်ဆက်ပြသခဲ့တဲ့ Joker ဇာတ်ကားကို ဒါရိုက်တာ Todd Phillips, တွဲဖက်ဇာတ်ဖန်တီးသူ Scott Silver တို့နဲ့အတူ ရွှေကမ္ဘာလုံးဆုသုံးဆုနဲ့ ဂရမ်မီတစ်ဆုပိုင်ရှင်၊ ပရိသတ်တို့ရဲ့အသည်းစွဲ သရုပ်ဆောင်တစ်ဦးဖြစ်သူ Joaquin Phoenix တို့က ဘယ်လိုမျိုး အစွမ်းကုန်အားစိုက်ထုတ်ပြီး ခေတ်တစ်ခေတ်ကိုထင်ဟပ်တဲ့ အနုပညာမြောက်လက်ရာတစ်ခုဖြစ်အောင် ဖန်တီးခဲ့တယ်ဆိုတာ ငြင်းစရာလုံးဝမရှိပါဘူး။ လွန်ခဲ့တဲ့တစ်လနီးပါးက ပြင်သစ်နိုင်ငံ၊ Venice ရုပ်ရှင်ပွဲတော်မှာ premiere ပြသခဲ့ချိန်မှာ ပွဲတတ်ရောက်သူပရိသတ်များအားလုံးရဲ့ ရှစ်မိနစ်တိတိ လက်ခုပ်သြဘာပေးမှုကို ရရှိခဲ့တဲ့ ဒီ Joker ဇာတ်ကားဟာ တကယ်တမ်းတရားဝင်ပိတ်သားပေါ်ကိုတတ်လာချိန်မှာ အနုပညာလောကနဲ့ လူသိများတဲ့မီဒီယာကြီးတချို့က ဘယ်လိုမြင်လဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာတော့ ကောင်းနေပါတယ်။

Movie – Joker (2019)
Directed by – Todd Phillips
Written by – Todd Phillips, Scott Silver
Starring – Joaquin Phoenix, Zazie Beetz, France Conroy, Robert De Niro
Release Date – October 4, 2019 (United States)




Gamespot
ဒီဇာတ်ကားကိုကြည့်ပြီၤးရင် စိတ်မသက်မသာခံစားရနိုင်တဲ့အပြင် တကယ့်ဇာတ်ကားကောင်းကြီးတွေ ပေးတဲ့ခံစားချက်အတိုင်း ခန်းစီးတွေပိတ်၊ ရုံသိမ်းပြီး လူတွေအားလုံးပြန်သွားတာတောင် ကိုယ့်ရဲ့စိတ်နဲ့ အတွေးတွေထဲမှာ တရိပ်ရိပ်ထင်ပေါ်နေမယ်ဆိုတာ အာမခံတယ်။
- Michael Rougeau

Time Magazine
ဒါရိုက်တာ Phillips က လက်ရှိခေတ်ရဲ့ ပျက်စီးပျောက်သုန်းနေတဲ့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းအကြောင်းကို ဒီ Joker ကားထဲမှာပြောပြချင်တာလို့ ခင်ဗျားတို့အနေနဲ့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ Phillips က အားလုံးနဲ့အနီးစပ်ဆုံးဖြစ်နေတဲ့ ဥပမာတစ်ခုကို ပြခဲ့တာပဲ။
- Stephanie Zacharek

The Guardian
ဒီ Joker ဇာတ်ကားဟာ ဂုဏ်ကျက်သရေဝင့်ကြွားစွာနဲ့ တရင်းတနှီးရှိပေမယ့် ပေါက်ကွဲမှုတွေပြည့်နေတဲ့ ဇာတ်ကားတစ်ကားပါ။ ရုပ်ရှင်ရဲ့ဇာတ်ကြောင်းဟာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင်လိုပဲ နားလည်ရခက်ပြီး ရှုပ်ထွေးလွန်းလိုက်တာ ဘယ်အရာကိုမှဂရုမစိုက်တဲ့ မင်းမဲ့ဆန်ဆန်စရိုက်ကို အသားပေးပြီး ဦးညွှတ်သွားတယ်။
- Xan Brooks

The Wrap
DC ဒါမှမဟုတ် Marvel Universe တွေအပေါ်မှာ အခြေခံပြီးရိုက်ထားတဲ့ ရုပ်ရှင်ပေါင်းမြောက်မြားစွာရှိတဲ့ထဲမှာမှ ဒီ Joker ဇာတ်ကားဟာ ပထမဦးဆုံးသော အနုပညာမြောက်တဲ့ရုပ်ရှင်တစ်ကားလို့ ပြောရင် တစ်ချို့လူတွေကလက်ခံဖို့ တွန့်ဆုတ်ကြလိမ့်မယ်။ ဒီဇာတ်ကားဟာ ဟိုးအရင်ကရှိခဲ့ပြီးတဲ့အရာတွေဆီကနေ ခွဲထွက်ပြီး အရဲစွန့်တဲ့အလောင်းအစားတစ်ခုသဘောမျိုး ဖန်တီးထားတယ်။ Joker ကို Comic ထဲက မူလအရည်အသွေးလည်းမပျက်စေဘဲ ထက်မြက်ပြီး ထိတ်လန့်ဖို့ကောင်းတဲ့ဇာတ်ကောင်မျိုးဖြစ်အောင် ဖန်တီၤးပေးထားတာ လက်ရာမြောက်လွန်းတယ်။
- Alonso Duralde

IGN
Joker ဇာတ်ကားဟာ တကယ်တော့ DC Comics အပေါ်မှာ အခြေခံထားတဲ့ဇာတ်ကားကောင်းဖြစ်ရုံသာမက ကိုယ်ပိုင်အရည်အသွေးနဲ့ သီးခြားရပ်တည်နေတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုလို့လည်း ဆိုနိုင်တယ်။ ရက်စက်ပြီးစာနာစိတ်မဲ့တဲ့ လူ့အဖွဲ့အစည်းထဲမှာ မသေချာတဲ့မေးခွန်းတွေအတွက် အဖြေတိုင်းကမလွယ်ကူဘူး။ Joaquin Phoenix ရဲ့ အပြည့်အဝစိတ်နှစ်မြှုပ်ပြီး ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ Todd Phillips ရဲ့သမ္ဘာရှိတဲ့ဖန်တီးမှု ပေါင်းစည်းလိုက်တဲ့အခါမှာ DC Comics အပေါ်မှာ အခြေခံထားတဲ့ရုပ်ရှင်ဖြစ်ပေမယ့် တစ်မူထူးခြားပြီးဆန်းကြယ်လွန်းတဲ့ တီထွင်မှုအသစ်တစ်ခု ဖြစ်ပေါ်လာတဲ့အတွက် ဒီဇာတ်ကားကို Comics ပရိသတ်တွေသာမက ရုပ်ရှင်ကားကောင်းကြိုက်တဲ့ပရိသတ်တွေကပါ တစ်ခဲနက်အားပေးမြတ်နိုးကြလိမ့်မယ်ဆိုတာ အသေအချာပဲ။
- Jim Vejvoda

ကဲ ဖတ်ရှုရင်းဒီနေရာကိုရောက်လာပြီဆိုရင်တော့ ၂၀၁၉ ခုနှစ်ရဲ့ Joker ဇာတ်ကားဟာ ဘယ်လောက်တောင်ကောင်းပြီး အလားအလာရှိတဲ့ရုပ်ရှင်တစ်ကားလည်းဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ လာမယ့်နှစ် ၂၀၂၀ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာရော ဘယ်လိုမျိုးနေရာတွေမှာ ဘယ်လိုဆုတွေအထိ ရာထူးခံရမလဲဆိုတာ ကျွန်တော်ကတော့ အခုအချိန်ကတည်းက တွေးပြီး ဝမ်းသာပီတိပွားရင်ခုန်နေပါပြီ။ တကယ်တမ်းအားလုံးသိရမှာက ဒီ Joker ဇာတ်ကားဟာ အော်စကာဆု ဘယ်နှစ်ဆုရမှာလဲမဟုတ်ဘူး၊ ဇာတ်ကောင်တစ်ကောင်အဖြစ်အသက်ဝင်လာတဲ့ Joker အနေနဲ့ လာမယ့်အနာဂတ်မှာ နောက်ထပ် အော်စကာဘယ်နှစ်ဆုကို ထပ်ယူသွားဦးလဲဆိုတာပါပဲ။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လာမယ့်အခုလိုဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်လို့ ပြောရင်းအားလုံးကိုနှုတ်ဆက်ရင်း Joker ဇာတ်ကားကို မကြည့်ရသေးသူများလည်း သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Yan

No comments:

Post a Comment