Sony ကတော့ သူ့ရဲ့ ၆ လကြာ ငြိမ်သက်နေတဲ့တိတ်ဆိတ်မှုကို ဖွင့်ဟလိုက်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ ယမန်နေ့၊ အောက်တိုဘာလ ၈ ရက်နေ့က ဂိမ်းလောကတစ်ခုလုံး စိတ်ဝင်စားနေကြတဲ့ မျိုးဆက်သစ် Playstation 5 ဂိမ်းစက် ထွက်ရှိလာမယ့်အချိန်ကို ဘလော့ပို့စ်နဲ့အတူ တရားဝင်တင်ပေးခဲ့လို့ပါပဲ။ Sony အနေနဲ့ မျိုးဆက်သစ်ဂိမ်းစက်တစ်ခုကို ထုတ်ပေးသွားမယ်ဆိုတဲ့အကြောင်းကို ဒီနှစ် ဧပြီလမှာ အားလုံးကိုအသိပေးပြီးကတည်းက အခုအချိန်အထိ Sony ရော Playstation ဆီကပါ ဘာသတင်းမှမကြားခဲ့ပါဘူး။ အဲဒီတုန်းကတော့ ဂိမ်းစက်မှာပါဝင်တဲ့နည်းပညာတွေ၊ အသစ်ထပ်မံထည့်သွင်းထားတဲ့ ရုပ်ထွက်တိုးမြှင့်မှုတွေနဲ့ အရင် PS4 ထက်ုပိပြီး ဆပေါင်းများစွာ သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုပဲ သိခဲ့ရတာဖြစ်ပြီး ထွက်ရှိမယ့်ရက်စွဲနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှမသိခဲ့ရပါဘူး။ ဘယ်လောက်တောင်သိုဝှက်ထားသလဲဆိုရင် နောက်ဆုံးထွက်လာမယ့် Playstation ရဲ့ မျိုးဆက်သစ်ဂိမ်းစက်ရဲ့အမည်ဟာ အခြားမော်ဒယ်နာမည်အသစ်နဲ့ထွက်လာမှာလား? Playstation 5 ဆိုတာတောင် ဟုတ်ရဲ့လား? ဆိုတာကို အသေအချာမသိခဲ့ပါဘူး 🧐
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ရက်ကပဲ ဂိမ်းလောကတစ်ခုလုံးနဲ့ စောင့်မျှော်နေကြသူပရိသတ်များအတွက် Sony ကနေ အနာဂတ်မှာလာမယ့် ၂၁ ရာစုရဲ့ မျိုးဆက်သစ်ဂိမ်းစက်ဟာ Playstation 5 ဖြစ်ပြီး ထွက်ရှိလာမယ့်အချိန်ဟာ ၂၀၂၀ ခုနှစ်၊ အားလပ်ရက်ရာသီဖြစ်ကြောင်း အတိအကျသတင်းထုတ်ပြန်ခဲ့ပါတယ်။ Sony ရဲ့ထုတ်ပြန်ချက်အရ Playstation 5 ထွက်ရှိမယ့်ရက်ဟာ အားလပ်ရက်ရာသီလို့ဆိုခဲ့တာတစ်ကြောင်း၊ အရင် PS3, PS4 အပြင် Microsoft ရဲ့ XBox 360, XBox One တို့ပါ နိုဝင်ဘာလတစ်လတည်းမှာ ထွက်ရှိခဲ့တာတစ်ကြောင်း အကြောင်းကြောင်းကြောင့် မျိုးဆက်သစ် Playstation 5 ဟာ ခရစ်စမတ်ကာလမတိုင်ခင် အချိန်တစ်လနှစ်လောက်အလိုမှာ ထွက်ရှိလာနိုင်ခြေရှိတယ်လို့ ဂိမ်းလောကခန့်မှန်းသူများနဲ့ မီဒီယာများက သုံးသပ်ကြပါတယ်။ နောက်တစ်ချက်က Sony အနေနဲ့ Playstation 5 ကို အားလပ်ရက်ရာသီအတွင်း ထုတ်လိုက်ခြင်းကြောင့် ဈေးကွက်မှာ အားသာချက်ပေါင်းများစွာ ရှိနေတဲ့အပြင် အနားယူအပန်းဖြေချိန်ဖြစ်တာကြောင့် ထွက်လာပြီဆိုတာနဲ့ အားလုံးကအပြေးအလွှားဝယ်ယူကြတော့မှာဖြစ်ပါတယ်။ ကဲ လက်ရှိသိရတဲ့အချက်အလက်တွေအရတော့ Sony ရဲ့အလားအလာဟာ ကောင်းပြီးရင်းကောင်းသွားဖို့ပဲရှိနေပါတယ်။ ဒီတော့ Playstation 5 ထွက်ပြီဆိုတာနဲ့ ပြေးဝယ်မယ့်သူတွေထဲမှာ ဘယ်သူတွေများပါနေကြလဲဆိုတာ ကွန်မန့်မှာ တစ်ချက်ဝင်ပြောပေးသွားပါဦး 💙💙

Yan
No comments:
Post a Comment