Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Monday, April 13, 2020

၂၀၂၂ ခုနှစ်ရဲ့ Resident Evil 4 Remake သတင်းတွေနဲ့အတူ ဘာနဲ့မှ Remake ပြန်လုပ်လို့မရတဲ့ Resident Evil 4 ရဲ့ကြီးကျယ်ခမ်းနားမှု (ပထမပိုင်း) ✒️📰


Resident Evil 8 ရဲ့သတင်းအချက်အလက်တွေတောင် အနည်ထိုင်ဖို့အချိန်ယူနေရချိန်မှာ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ Resident Evil နဲ့ ပတ်သက်ပြီး သတင်းတစ်ခုတတ်လာတာ ဖတ်လိုက်ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ Capcom ဟာ Resident Evil 4 Remake ကို စတင်ရေးဆွဲဖန်တီးနေပြီဖြစ်ကြောင်းနဲ့ ဒီသတင်းသာဟုတ်မှန်ကြောင်းအတည်ဆိုရင် ၂၀၂၂ ခုနှစ်မှာ ထွက်လာနိုင်ဖို့မှန်းထားကြောင်း အစရှိသဖြင့် သက်ဆိုင်ရာအချက်အလက်တွေကို ပြောပြထားတာတွေ့ရပါတယ်။ Resident Evil 3 Remake ထွက်ရှိခဲ့တာ ဧပြီလ ၄ ရက်ဖြစ်တဲ့အတွက် ဂိမ်းအသစ်စက်စက်ကြီးထွက်ပြီးတာ ဆယ်ရက်တောင်မပြည့်သေးတဲ့အချိန် ဒါအခုလိုနောက်ထပ်သတင်းတစ်ခုကို ထပ်သိခဲ့ရတာဖြစ်ပါတယ်။ အခုလို RE နဲ့ ပတ်သက်တဲ့သတင်းနဲ့ ကောလဟာလတွေ တစ်ခုပြီးတစ်ခုကြားနေရတာ ဟုတ်သလိုလိုနဲ့ Resident Evil 4 Remake ထွက်လာမှာနဲ့ပတ်သက်ပြီး တကယ်တမ်းသေချာပြန်စဉ်းစားကြည့်တဲ့အခါမှသာ ကိုယ်လိုချင်တာနဲ့ကိုက်ညီမှုမရှိမှန်း ပြန်လည်ဆန်းစစ်မိပါတယ်။ ကျွန်တော်တို့ငယ်ဘဝတွေကို အရောင်စုံအောင်ချယ်ပေးခဲ့တဲ့၊ စိတ်ခံစားချက်တွေစုံနေအောင် ပေးစွမ်းခဲ့တဲ့၊ တစ်သက်တာအမှတ်ရစေခဲ့တဲ့ ဂန္တဝင်မြောက် Resident Evil 4 ကို အစကနေပြန်ပြီး from the ground up Remake လုပ်မယ်ဆိုတာ ယုတ္တိတန်တဲ့ကိစ္စတစ်ခုမဟုတ်တဲ့အပြင် ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် အကျိုးအကြောင်းမသင့်ပါဘူး။ အခုအချိန်ဟာ Resident Evil ရဲ့ဇာတ်ကိုရှေ့ဆက်စေတဲ့ RE 8 လို ဂိမ်းသစ်တွေကို ပရိသတ်တွေလက်ထဲအရောက်ထည့်ရမယ့်အချိန်ပါ၊ နှစ်အတော်အတန်အကြာက ထွက်ခဲ့ပြီးသားဂိမ်းတွေကို ခေတ်နဲ့အညီ ပြန်လည်မွန်းမံပြီး Remake အနေနဲ့ထုတ်တာ ဂိမ်းလောကအတွက် ကောင်းမွန်တဲ့ကိစ္စဖြစ်ပေမယ့် ပကတိပြီးပြည့်စုံတဲ့အနေအထားမှာရှိနေတဲ့ လက်ရာမြောက်ဂိမ်းကောင်းတွေတော့ သူနဲ့ထိုက်တန်တဲ့နေရာမှာ ထာဝရထားထားရမှာ ဂိမ်းလောကရဲ့စံသတ်မှတ်ချက်ပါပဲ။ အခုဒီမှာ Resident Evil 4 ဂိမ်းဟာ Remake ပြန်လုပ်လို့ကိုမရနိုင်အောင် ကြီးကျယ်ခမ်းနားလွန်းတဲ့အကြောင်းကို အချက်တစ်ချို့ခွဲပြီးတင်ပြပေးသွားပါမယ်။ စာဖတ်သူတွေလည်း RE4 နှစ်ခြိုက်ခဲ့ဖူးရင် ကျွန်တော်နဲ့အတွေးချင်းတူမယ်လို့ ယူဆမိပါတယ် 🤝💭

Resident Evil 4 ဟာ ဘာကြောင့် Remake ပြန်လုပ်လို့ရတဲ့ဂိမ်းမဟုတ်တာလဲဆိုတာ မပြောခင်မှာ ဘူတာဆိုက်ဖို့လမ်းမမြင်သေးတဲ့ Capcom နဲ့ Remake ရထားတွဲကြီးရဲ့ နောက်ဆုံးခရီးစဉ်ကို ကျွန်တော်တို့ အရင်လေ့လာကြည့်ရပါမယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၉ ရက်တိတိကမှ ထွက်ထားခဲ့တဲ့ Resident Evil 3 Remake ဖြစ်ပါတယ်။ RE3 Remake ဟာ ဖန်တီးထားတဲ့ဂိမ်းလောက၊ ဂရုပ်ဖစ်ရုပ်ထွက်၊ ဇာတ်ကောင်ဒီဇိုင်းနဲ့ ဂိမ်းကစားဟန်ကဏ္ဍတို့မှာ ပြောစရာမရှိအောင် ပြည့်စုံတဲ့ဂိမ်းကောင်းတစ်ခုဖြစ်တယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပေမယ့် Remake ဆိုတဲ့ခေါင်းစဉ်အောက်က မူရင်းနဲ့ လက်သစ်ကိုနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ လိုအပ်ချက်အတော်များများရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အချက်အလက်အရကြည့်မယ်ဆိုရင် ၁၉၉၉ ခုနှစ်ကထွက်ခဲ့တဲ့ Resident Evil 3: Nemesis ဂိမ်းကိုယ်တိုင်ကိုက ကစားချိန်နာရီနဲ့ ဇာတ်ကြောင်းအရကိုကပါ အရင် RE ဂိမ်းတွေထက် ပိုတိုတောင်းတဲ့ဂိမ်းတစ်ခုဖြစ်တာတောင် လက်ရှိ ၂၀၂၀ ခုနှစ်ရဲ့ RE3 Remake အသစ်မှာ တကူးတကထိန်ချန်ထားခဲ့ရတဲ့ အထင်ကရနေရာတွေနဲ့ ဂိမ်းဇာတ်လမ်းတစ်ခုလုံးခြုံငုံပြီး ရုပ်ရှင်ဆန်ဆန် linear ဖက်ရှင်အဖြစ် ပြောင်းလဲခဲ့တာ တွေ့မြင်နိုင်ပါတယ်။ ဒါဟာ ဘာအချက်နှစ်ချက်ကိုပြောနေသလဲဆိုတော့ Remake တိုင်းဟာ RE2 Remake လိုဖြစ်လာမှာမဟုတ်ကြောင်းနဲ့ နဂိုမူလပြီးပြည့်စုံပြီးသား ဂိမ်းတွေဆိုတာ သူ့ကိုယ်ပိုင်ခမ်းနားမှုနဲ့သူ၊ အောင်မြင်မှုနဲ့သူရှိနေတာကပဲ အကောင်းဆုံးဖြစ်တယ်ဆိုတာ သတိပေးနေသလိုပါပဲ။ Capcom ကိုယ်တိုင် RE 2 နဲ့ 3 ကို Remake လုပ်ရတဲ့ ရည်ရွယ်ချက်ကိုက ၂၀၀၀ ပြည့်နှစ်မတိုင်ခင် နည်းပညာမဖွံဖြိုးသေးတဲ့ခေတ်က ထွက်ရှိခဲ့တဲ့ ဂိမ်းကောင်းတွေကို ဒီခေတ်အသွင်အမြင်နဲ့ ဂိမ်းပရိသတ်တွေတွေ့ကြုံခံစားနိုင်အောင် RE Engine နဲ့ဖန်တီးရေးဆွဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကြောင့် ရုပ်ထွက်ပိုင်းကွာဟသွားတယ်ဆိုပေမယ့် ခါးသက်သက် အမှန်တရားတစ်ခုက ဘာလဲဆိုတော့ အရင် RE3 နဲ့ အခု RE3 Remake တို့မှာ ရင်ခုန်စိတ်လှုပ်ရှားရတာနဲ့ ခန့်မှန်းမရတဲ့ဂိမ်းအတွေ့အကြုံပိုင်းကတော့ ကိုယ်ရွေးတဲ့လမ်းနဲ့ ဂိမ်းတွင်းဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီး ကွဲပြားတဲ့ဇာတ်သိမ်းအမျိုးမျိုးထွက်လာနိုင်တဲ့ RE3 Original က ပိုသာလွန်တာ အမှန်ပါပဲ 💁‍♂️🦠


အပွင့်လင်းဆုံးပြောရရင် ဘယ်သူတွေဘာပြောပြော RE 3 Remake ကို ကျွန်တော်ကြိုက်ပါတယ်၊ အခု Jill Valentine ကို အရင် Jill ဖြစ်တဲ့ Julia Voth ထက်ပိုပြီး သဘောကျနှစ်ခြိုက်မိသလို သူမရဲ့ ဇာတ်ကောင်တည်ဆောက်ထားပုံ၊ ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစား၊ စကားပြောဟန်နဲ့ လှုပ်ရှားမှုအမူအရာတို့ကအစ ပြောစရာမလိုအောင်ကြိုက်ပါတယ် (arm fetish ရှိတဲ့အတွက် မူရင်းအပြာရောင် tube top နဲ့ ဆွယ်တာကိုခါးမှာစည်းထားပြီး ပြေးလိုက်တိုင်း ခါးနဲ့တင်ကကပြေပြေလေး ဘယ်ညာယိမ်းသွားတဲ့ Jill ကို အနောက်ကနေ thrid person view နဲ့မြင်ရတာ ထာဝရစွဲမှတ်စရာပါပဲ) ဒီမှာတစ်ချက်စဉ်းစားရမှာက ကစားချိန်ခြောက်နာရီသာသာပဲရှိတဲ့ Raccoon မြို့လေးထဲက မူရင်း RE3 ကို Remake ပြန်လုပ်တာတောင် ထင်ရှားတဲ့နေရာတစ်ချို့နဲ့ အရေးကြီးအခိုက်အတန့်တွေကို ပြည့်စုံအောင် ပြန်ထည့်သွင်းမထားနိုင်တာ RE 4 လိုမျိုး မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်းလောက်ထိ ကျယ်ပြန့်တဲ့ဂိမ်းလောကနဲ့ ရှည်လျားထွေပြားတဲ့ဇာတ်ကြောင်းတစ်ခုလုံးကို လိုလေးသေးမရှိ တစ်ခုမကျန်ပြန်ထည့်ပြီး Remake အဖြစ်ထုတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ သေချာစဉ်းစားကြည့်ပါ၊ ကျွန်တော်တို့အခု Remake ပြန်လုပ်ဖို့ပြောနေတဲ့ ဂိမ်းဟာ ဟိုးအရင် ၂၀၀၀ ပြည့်နှစ်မတိုင်ခင် Playstation 1 ခေတ်က ထွက်ခဲ့တဲ့ သာမန်ဂိမ်းမျိုးမဟုတ်ပါဘူး၊ အခုပြောနေတာ မော်ဒန်ခေတ်ဂိမ်းလောကသတ်မှတ်ချက်တွေကို အမြစ်လှန်ပြောင်းလဲပြီး အနာဂတ်တစ်ချိန်မှာ ဂိမ်းတိုင်းနီးပါးအသုံးပြုလာကြမယ့် over-the-shoulder third person လက်စွဲဖော်မျူလာ blueprint ကို ဂိမ်းလောကဆီချပြခဲ့တဲ့ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကောင်းဆုံးဂိမ်းစာရင်းဝင် Resident Evil 4 ပါ။ RE4 ဟာ ၂၁ ရာစုဂိမ်းလောကမှာ လွှမ်းမိုးမှုအားအကောင်းဆုံးဂိမ်းတစ်ခုအဖြစ် ကမ္ဘာ့ဂိမ်းလောကရဲ့ အသိအမှတ်ပြုလေးစားခြင်းကို ခံရသလို RE4 ဟာ ဂိမ်းတစ်ခုတည်းမှာ Survival Horror နဲ့ Third Person Shooter ကစားဟန်နှစ်မျိုးကို အချိုးကျကျရောယှက်ထားပြီး သွေးသစ်လောင်းဖန်တီးခဲ့တဲ့ ဂိမ်းဖြစ်ပါတယ် 🧬🧬



၂၁ ရာစုဂိမ်းလောကအတွက် RE 4 ချမှတ်လိုက်တဲ့အဆင့်အတန်းနဲ့ ဦးဆောင်လမ်းညွှန်မှုဟာ ဂိမ်းလောကမှာ တဖြည်းဖြည်းပဲ့တင်ရိုက်ခတ်သွားခဲ့ပြီး တစ်ချိန်မှာနာမည်ကျော်ဂိမ်းများဖြစ်လာကြမယ့် Dead Space, Grand Theft Auto, Gears of Wars, Batman: Arkham Asylum, Fallout, Uncharted နဲ့ Mass Effect အစရှိတဲ့ဂိမ်းတွေဟာ RE4 ကိုလေ့လာအတုယူရင်း RE4 ရဲ့အခြေခံဖော်မျူလာအပေါ်မှာ သူတို့ရဲ့ဂိမ်းကစားဟန်ကိုပဲ မှီငြိမ်းတည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ဂိမ်းလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ Naughty Dog အနေနဲ့ The Last of Us ဂိမ်းရဲ့ စိတ်ခြောက်ခြားတုန်လှုပ်မှုနဲ့ အက်ရှင်ကဏ္ဍတို့ အသက်ဝင်ဖို့အတွက် RE 4 ဆီကနေ မှတ်သားစရာတစ်ချို့ ကောက်နှုတ်ပြီး အသုံးပြန်ချခဲ့ပါတယ်။ ဒါတင်မက God of War စီးရီးရဲ့ဒါရိုက်တာ Cory Barlog ကိုယ်တိုင်ကိုက RE4 ဟာ God of War ဂိမ်းစီးရီးတစ်ခုလုံးအတွက် လွှမ်းမိုးမှုရှိခဲ့တယ်လို့ ပြောပြခဲ့ပြီး အထူးသဖြင့် God of War 2 နဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Playstation 4 ဂိမ်းဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က God of War တို့မှာ RE4 ရဲ့တစ်သားတည်းကျနေတဲ့ ကင်မရာလှုပ်ရှားမှုနဲ့ ရောက်လေရာမှာ ဂိမ်းတွင်းလိုအပ်သမျှကို အမြဲလှန်လှောရှာဖွေဖို့သတိတို့ဟာ အဓိကလွှမ်းမိုးမှုခဲ့တဲ့ဂိမ်းကစားဟန်ဖြစ်ကြောင်း အသေးစိတ်ရှင်းပြခဲ့ပါတယ်။ အစကတော့ ဒီစာစောင်ကိုတစ်ပုဒ်တည်းအပြီးရေးပြီး တင်ပေးမလို့ပါပဲ၊ ဒါပေမယ့် ရေးမယ့်ရေးတော့လည်း ပါဝင်သင့်တဲ့အရာမှန်သမျှနဲ့ လေးစားဂုဏ်ပြုထိုက်သူတွေရော၊ လူတွေသတိမမူဂူမမြင် ဖြစ်နေတဲ့၂၁ ရာစုဂိမ်းလောကက RE4 ရဲ့ အရှိန်အဝါနဲ့ လွှမ်းမိုးမှုကိုပါ သိသွားရလေအောင် ထည့်သွင်းတင်ဆက်ပေးလိုက်ပါတယ်။ ဒါဆိုရင် ဒီလောက်နဲ့ ပထမပိုင်းကို ခေတ္တရပ်နားလိုက်ပါရစေ။ RE4 Remake ဟာ ဘာကြောင့်ဖြစ်လာနိုင်ချေမရှိမှန်း ဒုတိယပိုင်းမှာ အချက်တွေခွဲပြီး ပြောပြသွားပါမယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါတယ်၊ RE ပရိသတ်တွေလည်း ကျွန်တော်နဲ့တစ်ချို့သော အတွေးလေးတွေ တူညီနေလိမ့်မယ်လို့ ယူဆမိပါတယ်၊ ဒါဆိုရင် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ 🥤🤓

Yan

No comments:

Post a Comment