Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, April 14, 2020

၂၀၂၂ ခုနှစ်ရဲ့ Resident Evil 4 Remake သတင်းတွေနဲ့အတူ ဘာနဲ့မှ Remake ပြန်လုပ်လို့မရတဲ့ Resident Evil 4 ရဲ့ကြီးကျယ်ခမ်းနားမှု (ဒုတိယပိုင်း) ✒️📰





ဟုတ်ကဲ့ပါ၊ ဂိမ်းချစ်သူတွေအားလုံးကို မင်္ဂလာမနက်ခင်းလေးဖြစ်ပါစလေို့ အရင်နှုတ်ဆက်လိုက်ပါရစေ။ အခုဒီမှာတော့ RE4 Remake ဟာ ဘာကြောင့်ဖြစ်မလာနိုင်ကြောင်းနဲ့ အံ့မခန်းလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Resident Evil 4 ရဲ့ကြီးကျယ်ခမ်းနားမှု ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ Capcom ကထုတ်ပေးခဲ့တဲ့ RE Remake တွေရဲ့လက်ရှိအခြေအနေနဲ့ နဂိုမူလ Resident Evil 4 ဂိမ်းရဲ့ကြီးမားကျယ်ပြန့်ပုံကို ပြောပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတော့ကာ Resident Evil 4 Remake ဘာကြောင့်ဖြစ်မလာနိုင်တာလဲဆိုတဲ့အပေါ်မှာ ထဲထဲဝင်ဝင် အသေးစိတ်ကြည့်ပြီး ဒါဟာဖြစ်နိုင်တဲ့ကိစ္စရပ်ဟုတ်မဟုတ် သချောတွေးကြည့်ဖို့လိုလာပါပြီ။ ပထမဆုံးအနေနဲ့ သိရမှာက RE4 အနေနဲ့ Remake ပြန်မထုတ်သင့်တာ ရာခိုင်နှုန်း ၁၀၀ ဆိုရင် ပထမပိုင်းမှာပြောခဲ့တဲ့အချက်တွေဟာ အဲဒီ ၁၀၀ ထဲက ရာခိုင်နှုန်း ၄၀ လောက်ပဲ ရှိတယ်ဆိုတာပါပဲ။ မူရင်းဂိမ်းက ဘာကိုမှမထိန်ချန်ဖို့၊ ပိုကောင်းမွန်တဲ့ အမြင်သစ်နဲ့ တွေ့မြင်ရဖို့၊ နဂိုအငွေ့အသက်ကိုလည်း ပြန်လည်ထိန်းသိမ်းထားဖို့ အစရှိတာတွေဟာ Remake တစ်ခုကို ပြန်လည်ဖန်တီးတဲ့နေရာမှာ အရေးကြီးတဲ့အချက်တွေဖြစ်သော်ငြားလည်း ဒီနေရာမှာ Resident Evil 4 Remake ထွက်လာဖို့ လုံးဝမဖြစ်နိုင်တဲ့ ကျန်ရာခိုင်နှုန်း ၆၀ ကတော့ စလယ်ဆုံး RE 4 မူရင်းဂိမ်းတစ်လုံး တည်ဆောက်ထားပုံနဲ့ ဇာတ်ကြောင်းရှေ့ဆက်ပုံဟာ အရင်ထွက်ခဲ့ပြီး RE2 နဲ့ 3 လိုမျိုး မဟုတ်လို့ပါပဲ။ အဲတာ ဘာကိုဆိုလိုသလဲ? နားလည်လွယ်အောင် ပြောပြပါ့မယ် 💡



အားလုံးသိကြတဲ့အတိုင်း RE4 ဟာ Resident Evil ဂိမ်းတွေထဲမှာ အချိန်အတော်အသင့်ကြာအောင် ဆော့ရတဲ့ဂိမ်းဖြစ်ပြီး ၁၆ နာရီကနေ နာရီ ၃၀ ကြား ကြာမြင့်မှုအပိုင်းအခြားမှာရှိနေပါတယ်။ ထွက်ခဲ့ပြီးတဲ့ RE 2 Remake ရဲ့ ကြာမြင့်ချိန်ဟာ စုစုပေါင်းမှ ၆ နာရီခန့်သာရှိပြီး RE 3 Remake ဆိုရင် ၅ နာရီဝန်းကျင်သာရှိပါတယ်။ RE4 ထဲက ဂိမ်းတွင်းအကြောင်းအရာတွေဟာ RE 2 နဲ့ 3 နှစ်ခုပေါင်းတာထပ်တောင် ပိုများပြီး စုစုပေါင်းအခန်းကြီး ၅ ခန်းမှာ ကဏ္ဍခွဲသုံးခုကနေ လေးခုအထိ ပါဝင်ပြန်ပါသေးတယ်။ RE 2 နဲ့ RE 3 တို့ဟာ ဖြစ်ရပ်ချင်းဆက်စပ်နေပြီး အချိန်တစ်ရက်သာကွာဟမှုရှိပေမယ့် RE 4 ကတော့ တည်နေရာတစ်ခုကနေ နောက်တစ်ခုကို အိမ်ဦးနဲ့ကြမ်းပြင် ခေါက်တုံ့ခေါက်ပြန်ခရီးနှင်နေရပြီး ဂိမ်းဇာတ်ကြောင်းရှေ့ဆက်တာနဲ့အမျှ ကဏ္ဍခွဲတစ်ခုကနေ တစ်ခုတောင် တည်နေရာတွေမတူကြပါဘူး။ RE 2 နဲ့ RE 3 တို့ဟာ ဇာတ်ချင်းနွယ်နေရုံသာမက ဖြတ်သန်းရတဲ့နေရာတွေဟာလည်း သုံးပုံတစ်ပုံထိ တူညီမှုရှိနေတဲ့အတွက် အဲဒီလိုနေရာတွေမှာ ဇာတ်ကြောင်းနဲ့ ဇာတ်ကောင်ပြောင်းလဲလိုက်တာနဲ့ ဂိမ်းထဲထည့်သွင်းဆော့ကစားလို့ရပါပြီ။ သို့ပေမယ့် RE 4 ဟာ အဲဒါတွေအားလုံးနဲ့ပြောင်းပြန်ပါ၊ Capcom က Remake တွေဆက်တိုက်ထုတ်နေတဲ့အတွက် Remake တွေလုပ်ရတာ စိတ်အေးလက်လေးအလွယ်လေးလို့ထင်ရတာ တကယ့်တကယ်မှာ ဂိမ်းသစ်တစ်ခုကိုသာ စလုံးရေစပြီးရေးဆွဲဖန်တီးလိုက်မယ်၊ ထွက်ပြီးသားနာမည်ရှိတဲ့ဂိမ်းဟောင်းတစ်ခုကို အစစအရာရာပြန်မွမ်းမံပြီး Remake ပြန်ထုတ်ဖို့ဆိုတာ အတော်လေးခက်ခဲတဲ့အပြင် လက်ပေါက်ကတ်တဲ့ပရောဂျက်ဖန်တီးမှုပါပဲ 😫💢



RE 4 Remake ဖြစ်မလာနိုင်တဲ့အကြောင်းကို သေချာအချက်တွေခွဲပြီးတင်ပြရမယ်ဆိုရင် နံပါတ်တစ်အချက်ကတော့ RE 4 ဖြစ်တည်နေတဲ့ ဂိမ်းပုံစံကြောင့်ပါပဲ။ Remaster မဟုတ်တဲ့ Remake ဖြစ်တာကြောင့် မူရင်း RE 4 ဂိမ်းတစ်ခုလုံးမှာ ပါဝင်ခဲ့တဲ့တည်နေရာ၊ ဂိမ်းပတ်ဝန်းကျင်တွေ၊ တိုက်တာအဆောက်အဦးတွေ၊ နောက်ခံသဘာဝနဲ့ တောတောင်ပထဝီမြေအနေအထား အစရှိတဲ့ကိုယ်ဖြတ်သန်းရမယ့်နေရာမှန်သမျှကို from the ground up ၁ ရာခိုင်နှုန်းကနေ စတင်ဖန်တီးရတော့မှာပါ၊ မူရင်းဂိမ်းမှာပါဝင်ခဲ့တဲ့ နေရာဒီဇိုင်းတွေ၊ မော်ဒယ်အဟောင်းတွေနဲ့ ဖွဲ့စည်းပုံအကြမ်းထည်တွေရှိမှာဖြစ်ပေမယ့် Resident Evil 7 ကစလို့ နောက်ပိုင်း RE ဂိမ်းတွေကို RE Engine နဲ့ လည်ပတ်စေတာဖြစ်တဲ့အတွက် RE 4 ကို RE Engine နဲ့ကိုက်ညီစေဖို့အတွက်ကိုပဲ အစကနေပြန်လုပ်ဆောင်ရတော့မှာပါ။ RE Engine ရဲ့အားသာချက်ဟာ မျက်စိပဒဿဖြစ်လောက်အောင် လက်တွေ့ဆန်လွန်းတဲ့ရုပ်ထွက်နဲ့ ယုတ္တိတန်တဲ့ဂိမ်းအတွေ့အကြုံကိုပေးစွမ်းတာဖြစ်ပေမယ့် RE 4 မှာ ပါဝင်တဲ့တည်နေရာတွေဟာ အဆမတန်အောင် များပြားလွန်းတာကြောင့် အချိန်တစ်နှစ်ကျော်လေးအတွင်းမှာ ဒါကြီးတစ်ခုလုံးကို အချောသတ်ပြီးစီးဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။ ဒီနေရာမှာ Capcom ရဲ့မျိုးဆက်သစ်ဂိမ်းတွေကို အဆင်ပြေချောမွေ့စွာလည်ပတ်စေတဲ့ RE Engine အကြောင်းကို ပြောပြမှရပါလိမ့်မယ်။ တကယ်တော့ RE Engine ဆိုတာ Resident Evil Engine မဟုတ်ပါဘူး၊ "Reach for the Moon - လမင်းဆီအရောက်သွားမယ်" ဆိုတဲ့နာမည်ရှည်အပြည့်အစုံရဲ့ ရှေ့ဆုံးနှစ်လုံးကိုယူထားပြီး RE Engine လို့ အတိုချုံးခေါ်ဝေါ်ကြတဲ့ Capcom တည်ဆောက်ထားတဲ့ ဂိမ်းအင်ဂျင်တစ်ခုပါ။ RE Engine ဟာ သူ့ရဲ့ရှေ့ကဂိမ်းအင်ဂျင်ဖြစ်တဲ့ MT Framework ကနေ ဆင်းသက်လာခဲ့တဲ့ နောက်မျိုးဆက်ဖြစ်ပြီ ၂၀၁၇ ခုနှစ်က Resident Evil 7: Biohazard ဂိမ်းတစ်မျိုးတည်းမှာ စတင်သုံးစွဲဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာ Resident Evil 7 သာမက Devil May Cry 5, Resident Evil 2 Remake, Resident Evil 3 Remake နဲ့ RE Resistance တို့ကို လည်ပတ်စေတဲ့ဂိမ်းအင်ဂျင်ဖြစ်ပါတယ် 🎮⚙️

နံပါတ်နှစ်အချက်က ဘာလဲဆိုတော့ ဇာတ်ကောင်ဖန်တီးမှုနဲ့ ဂိမ်းမှာပါဝင်သမျှဇာတ်ကောင်တစ်ယောက်ချင်းစီကို ပြန်လည်ရေးသားတည်ဆောက်ဖို့ပါ။ ဒါဟာ RE 4 Remake ဖြစ်လာဖို့ အခက်ခဲဆုံးအချက်ဖြစ်မလားတောင် မသိပါဘူး၊ ဘာကြောင့်လည်းဆိုတော့ RE 4 ကဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ကွဲပြားတဲ့စိတ်နေစိတ်ထား၊ သွင်ပြင်လက္ခဏာကိုယ်စီနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ကဏ္ဍတွေကို ဇာတ်ကောင်သရုပ်ဆောင်သစ်၊ နောက်ခံအသံသရုပ်ဆောင်သစ်တွေနဲ့ ပြန်လည်ဖန်တီးရမှာကြောင့်ပါ။ RE Engine ဟာ Capcom ရဲ့မျိုးဆက်သစ်ဂိမ်းတွေကို လက်တွေ့ဆန်လွန်းတဲ့အမြင်နဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေပေးစွမ်းတယ်ဆိုပေမယ့် သူ့မှာလည်းအားနည်းချက်တွေရှိနေပြန်ပါတယ်။ ဂိမ်းတွင်းအကြောင်းအရာမှန်သမျှကို RE Engine နဲ့ လည်ပတ်စေဖို့အတွက် ဂိမ်းမှာပါဝင်တဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီ၊ ပစ္စည်းတစ်ခုချင်းစီကို 3D ဓါတ်ပုံရိုက်ကူးဖတ်ရှုခြင်းပြုလုပ်ရပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ နောက်ပိုင်းဂိမ်းတော်တော်များများမှာ အသုံးချကြတဲ့လုပ်ငန်းစဉ်ဖြစ်ပေမယ့် RE 4 ဂိမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တစ်ယောက်ချင်းနဲ့ ပါဝင်ပစ္စည်းတိုင်းကို အချိန်တိုအတွင်း 3D scanning ပြုလုပ်ဖို့ဆိုတာ လုံးဝမှကိုမလွယ်ကူပါဘူး၊ ဇာတ်ကောင်တင်သာမက သူတို့ရဲ့အကျီအဝတ်အစား၊ ကိုင်ဆောင်တဲ့လက်နက်၊ စီးနင်းလိုက်ပါတဲ့ယာဉ်အစရှိတာတွေကိုပါ တစ်ခုချင်းစီအစနေ တကယ့်ပစ္စည်းအဖြစ် ဖန်တီးလုပ်ယူပြီး scan ဖတ်မှသာ RE Engine ထဲထည့်သွင်းနိုင်တာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဇာတ်ကောင်ဆယ်ယောက်ဝန်းကျင်သာ ပါဝင်တဲ့ Devil May Cry 5 ဂိမ်းအတွက် ဇာတ်ကောင်အဝတ်အစားသီးသန့်ကို လန်ဒန်မြို့မှာဖန်တီးခဲ့ရပြီး scan ဖတ်ယူတော့ ဆားဘီးယား (Serbia) မှာဖတ်ခဲ့ရတာပါ၊ အဲဒီနေရာမှာ Nero ရဲ့ကုတ်အကျီကိုဖန်တီးယူရတာတောင် ကားတစ်စီးစာကုန်ကျခဲ့ပြီး ဂိမ်းထဲက Devil May Cry ဗန်ကားတစ်စီးတည်းကို ဖန်တီးရတာတောင် အချိန်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ ဒီလောက်ဆိုရင် အဲဒီလုပ်ငန်းစဉ်ဟာ ဘယ်လောက်တောင်မှ အချိန်အား၊ လူအားနဲ့ ငွေအား ကုန်ခမ်းစေတဲ့အလုပ်ဆိုတာ သဘောပေါက်သွားလောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် RE Engine သစ်မှာ အရင် MT Framework နဲ့ယှဉ်လိုက်ရင် ဒေတာဖော်မတ်ကွဲပြားသွားပြီး ဂိမ်းဒေတာတစ်ခုလုံးကို PAK Archive ဖိုင်အဖြစ်ထုတ်ယူရတဲ့အတွက် ဖိုင်တွေကိုပြောင်းလဲပြုပြင်ဖန်တီးတဲ့နေရာမှာ အရင်ကလောက် သက်တောင့်သက်သာမဖြစ်တော့ပါဘူး 🤷‍♂️💽





နံပါတ်သုံးအချက်ကတော့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်ကဏ္ဍ၊ ဂိမ်းအတွင်းတင်ဆက်ပြသမှုနဲ့ ပုံစံအသွင်အပြင်ကွဲပြားသွားခြင်းဖြစ်ပါတယ်။ နံပါတ်နှစ်အချက်အရ RE Engine မှာထည့်ဖို့ ပါဝင်မယ့်ဇာတ်ကောင်တွေကိုရော၊ ပစ္စည်းအရာဝတ္ထုအလုံးစုံနဲ့ ဂိမ်းလောကပတ်ဝန်းကျင်တွေ အားလုံးကိုပါ သတ်မှတ်အချိန်တစ်ခုအတွင်း ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့တယ်ဆိုပါစို့။ အဲဒါဆိုရင် အားလုံးတွေ့ကြုံခံစားရတော့မယ့် RE 4 Remake ရဲ့ဇာတ်ကောင်ပုံစံအသစ်တွေနဲ့ကွဲပြားနေတဲ့ သွင်ပြင်လက္ခဏာဟာ ယခင်မူလ RE 4 ကို ကိုယ်စားပြုရဲ့လား? တူညီတဲ့ခံစားချက်နဲ့ အငွေ့အသက်ကိုပေးရဲ့လားဆိုတာ နောက်ထပ်ကြုံတွေ့ရမယ့် တတိယအခက်အခဲဖြစ်ပါတယ်။ RE Engine နဲ့လည်ပတ်တဲ့ RE 2 Remake က ဇာတ်ကောင်တွေဖြစ်တဲ့ Leon, Ada နဲ့ Hunk တို့ကို RE 4 Remake မှာ ပြန်လည်သုံးစွဲခဲ့တယ်ဆိုရင်တောင် တခြားကျန်တဲ့ဇာတ်ကောင်တွေအတွက် ဇာတ်ဆောင်စရိုက်ကိုပေါ်လွင်စေမယ့် လူသရုပ်ဆောင်ရွေးချယ်တာတွေ၊ အသံသရုပ်ဆောင်ရွေးချယ်တာတွေ၊ စကာတင်စာရင်းကိုပြန်လည်စိစစ်တာတွေ အစရှိတဲ့ကဏ္ဍပေါင်းများစွာ ကျန်ရှိနေပါသေးတယ်။ ဒီအချက်ဟာ ကျွန်တော်တို့လို ငယ်ဘဝအချိန်တစ်ခုကို RE 4 ဆော့ကစားရင်း ဖြတ်သန်းခံရတဲ့လူတွေအတွက် လွန်စွာမှအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်လို့နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ RE 4 မှာပါဝင်ကြတဲ့ ဇာတ်ကောင်တွေအားလုံးနဲ့ သူတို့ရဲ့ဖြစ်တည်မှု၊ စကားပြောအသံကအစ အစစအရာရာဟာ ဂိမ်းချစ်သူပရိသတ်တွေစိတ်ထဲစွဲမြဲနေကြပါပြီ၊ အဲဒီလိုဆယ်စုနှစ်တစ်ခုကျော်ကြာ အမြတ်တနိုးသိမ်းဆည်းထားတဲ့မှတ်ဉာဏ်တစ်ခုကို မတူညီကွဲပြားတဲ့ပြန်လည်ပြင်ဆင်မှုတွေနဲ့ အသစ်ဖန်တီးယူဖို့ဆိုတာ တကယ်တမ်းမှာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲ။ RE 4 ကအစပြုလို့ နောက်ထွက်ခဲ့သမျှ RE ဂိမ်းတွေရဲ့ ဇာတ်ကောင်မော်ဒယ်နဲ့ ဂိမ်းကစားဟန်ဟာ RE 4 ကပဲ အခြေခံယူထားတာဖြစ်တဲ့အတွက် အဲဒီနောက်ခံကျောရိုးကို မြေလှန်ပြောင်းလဲပစ်ဖို့ဆိုတာ လက်တွေ့တောင်မဆန်တော့တဲ့ခက်ခဲမှုတစ်ခု ဖြစ်ပါတယ် 🤧💫





ဒီအချက်သုံးချက်နဲ့တင် RE 4 Remake ဟာ ပြန်လုပ်ယူဖန်တီးလို့ရမယ့် ဂိမ်းတစ်ခုမဟုတ်ကြောင်း အရှင်းအလင်းနားလည်သဘောပေါက်သွားလောက်ပြီ ထင်ပါတယ်။ အခုတင်ပြခဲ့တဲ့အချက်တွေနဲ့တင် RE 4 Remake ဖြစ်မလာဖို့ လုံလောက်မှုရှိတဲ့အတွက် ဒီသုံးချက်ကို အဓိကဦးစားပေးပြီး တင်ဆက်လိုက်ပါတယ်။ ကျွန်တော့်အတွက်ကတော့ RE 4 ဟာ ဘယ်နဲ့မှနှိုင်းယှဉ်မရတဲ့ နှလုံးသားတစ်ထောင့်တစ်နေရာမှာ သီးသီးသန့်သန့်ရှိလို့နေပါတယ်။ RE 4 Remake အတွက် နောက်ထပ်ထည့်သွင်းစဉ်းစားလို့ရတာ ဘာလဲဆိုတော့ မူလ RE 4 မှာပါဝင်ခဲ့တဲ့ ဂိမ်းတွင်းထပ်ပေါင်းအကြောင်းအရာတွေပါပဲ၊ RE 4 မှာ အဓိကဇာတ်ကြောင်းဖြစ်တဲ့ Leon ရဲ့ဇာတ်လမ်းကိုဆော့နိုင်ရုံတင်မက Ada ကိုကိုင်ပြီး ဆော့ကစားရတဲ့ The Separate Ways နဲ့ Assignment Ada တို့လည်း ထပ်မံပေါင်းထည့်ပေးထားပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့လို RE ချစ်သူတွေ ဘဝင်ခိုက်နှစ်ခြိုက်ကြတဲ့ Leon, Ada, Wesker, Hunk, Krauser တို့ငါးယောက်ရဲ့ Mercenaries မုဒ်ဟာဆိုရင်လည်း စိန်ခေါ်မှုကိုကြိုက်တဲ့သူတွေ၊ အရည်အချင်းရှိသူတွေအတွက် Handcannon သေနတ်ကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးလည်း ဖြစ်ပြန်ပါတယ်။ RE 4 ဟာ ကျွန်တော်သေဆုံးချိန်အထိ ဘာကြောင့်အကြိုက်ရဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်တာလဲဆိုတာကို ပြောရင် အချက်ပေါင်းမြောက်များစွာ မကုန်နိုင်ပါဘူး၊ ဒါကြောင့်မို့ပဲ ဒီဆောင်းပါးကိုအသေအချာရေးဖြစ်ခဲ့တာဖြစ်သလို Resident Evil စီးရီးတစ်ခုလုံးကို မြတ်နိုးတဲ့စိတ်ကြောင့် Capcom က ဘယ်လိုလုပ်ရပ်မျိုးပဲလုပ်လုပ် အပြစ်တော့မမြင်ရက်ပါဘူး။ သို့ပေမယ့် RE 4 Remake ကတော့ သိကြားမင်းဆင်းကူရင်တောင် အထမြောက်နိုင်လောက်မှာမဟုတ်တဲ့ Mission Impossible ဖြစ်တဲ့အတွက် အစကတည်းက ဘာကြောင့် Mission Impossible ဖြစ်သလဲဆိုတာကို အားလုံးထဲထဲဝင်ဝင် သိသွားရအောင် ဒီစာစောင်ကိုရေးပြီး တင်ဆက်လိုက်ရပါတယ်။ Resident Evil 8 ရဲ့သတင်းသစ်တွေကိုတော့ အမြဲတမ်းကြားသိရဖို့ စောင့်မျှော်နေရင်း ဂိမ်းပရိသတ်တွေကိုသိစေချင်တဲ့ ဂိမ်းသတင်းအကြောင်းအရာတွေကို ပေ့ခ်ျမှာ အစဉ်မပြတ်ရေးသားတင်ဆက်ပေးနေပါတယ် (လတ်တလောမှာ RE အကြောင်းတွေပဲပြောနေရလို့ ကြာရင် Resident Evil အထူးပြုဂိမ်းသတင်းရေးတဲ့ပေ့ခ်ျဖြစ်လုနီးနီးပါပဲ) ကဲ ဆိုတော့ကာ ဖတ်ရှုသူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ပထမပိုင်းကို မဖတ်လိုက်ရလည်း ဒုတိယပိုင်းကို ဖတ်တာနဲ့ RE 4 Remake အကြောင်းကို ခြုံငုံသိနိုင်ပါတယ်၊ ဒုတိယပိုင်းအပြီး ပထမပိုင်းကို လေ့လာဖတ်ရှုချင်သူတွေအတွက်လည်း အောက်မှာ ပထမဆောင်းပါးလင့်ခ်ျကို ထည့်သွင်းပေးထားပါတယ်။ ဖတ်ရင်းနဲ့ ဒီနေရာထိတောင်ရောက်လာသူတွေအတွက် စိတ်ဝင်စားစရာဂိမ်းအကြောင်းအရာတွေကို ထပ်မံတင်ဆက်သွားပေးပါမယ်။ အားလုံးပဲ ဆော့လက်စဂိမ်းမှာ ပြန်စီးမျောကြပါလို့ ဒီနေရာကနှုတ်ဆက်လိုက်ရပါတယ်။ အလားတူပဲ နောက်လာမယ့် ဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်တွေ့ဆုံကြပါမယ် 🌈💜





Yan

No comments:

Post a Comment