Capcom ကတော့ လုံးဝ every day is on fire ပါပဲ။ ပြီးခဲ့တဲ့ဧပြီလ ၄ ရက်နေ့ကပဲ ဂိမ်းလောကတစ်ခုလုံးမျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေတဲ့ Resident Evil 3 Remake ကို ထုတ်ပေးပြီး တစ်ပါတ်တောင်မပြည့်သေးတဲ့အခုလိုအချိန်မှာ Resident Evil စီးရီးရဲ့ နောက်ဆက်မယ့်ခြေလှမ်းသစ် အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ Resident Evil စီးရီးရဲ့အဓိကဇာတ်ကြောင်းကို ရှေ့ဆက်မယ့်ဂိမ်းသစ်ဟာ Resident Evil 8 ဖြစ်ကြောင်းနဲ့ လောလောဆယ်မှာ အဲဒီ Resident Evil 8 ရဲ့ codename ဟာ Village ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့လို့ပါပဲ။ တစ်ခုစိတ်ထဲသွင်းထားရမှာက ဒါတွေအားလုံးဟာ ခန့်မှန်းချက်ထုတ်သူတွေ၊ သတင်းမှားဖြန့်သူတွေရဲ့ စနက်လုံးဝမဟုတ်တဲ့ Capcom ရဲ့တရားဝင် leaked အချက်အလက်များဖြစ်တဲ့အတွက် Resident Evil 8 ဂိမ်းဟာ ရေးဆွဲဖန်တီးတဲ့အဆင့်ထဲရောက်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ ကဲ ဒီတော့ဗျာ ဝမ်းသာလုံးတွေဆို့ရင်း အနာဂတ်မှာလာမယ့် Resident Evil 8: Village ဂိမ်းနဲ့ပတ်သတ်လို့ လတ်တလောသိရတဲ့ ရင်ခုန်စရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ တင်ဆက်သွားပါမယ်။ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့နော့ 🤓⬇️
Resident Evil 8 ဟာ Village ဖြစ်ကြောင်းသတင်းဟာ လွန်ခဲ့တဲ့တစ်ရက်ကျော်နှစ်ရက်နီးပါးလောက်ကမှ ပေါက်ကြားလာခဲ့တဲ့ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Playstation က နောက်လာမယ့်မျိုးဆက်သစ် PS5 ရဲ့ဂိမ်းခလုတ်ဖြစ်တဲ့ DualSense ကို ထုတ်ပြခဲ့တဲ့အတွက် ဂိမ်းလောကတစ်ခုလုံးပွတ်ပွတ်ညံလို့နေပါတယ်။ သိရတဲ့အချက်အလက်တွေအရ လာမယ့် Resident Evil 8: Village ဂိမ်းဟာ Resident Evil စီးရီးက မွေးထုတ်ပေးခဲ့တဲ့ Survival Horror ဂိမ်းအမျိုးအစားအတွက် မှတ်ကျောက်စိုက်ထူရာလက်ရာတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဂိမ်းဟာ Survival Horror ရဲ့ Pioneer ဖြစ်တဲ့ Resident Evil စီးရီးအနေနဲ့ သူဖန်တီးခဲ့တဲ့ဂိမ်းရသ Survival Horror ကို နောက်ထပ်အဓိပ္ပါယ်သစ်တစ်ခု ထပ်မံဖွင့်ဆိုမယ့် ဂိမ်းလို့ယူဆရပါတယ်။ ဂိမ်းရဲ့ဇာတ်ကြောင်းနဲ့ ဖန်တီးထားတဲ့ပုံစံဟာ သိရသလောက်ကတော့ ဒီတစ်ခေါက် Resident Evil 8 မှာ စီးရီးရဲ့လူကြိုက်များတဲ့ ဇီဝလက်နက်တိုက်ဖျက်စစ်ဆင်ရေးအဖွဲ့ BSAA က Chris Redfield ကို အဓိကဇာတ်ကောင်အဖြစ် ပြန်လည်ခေါ်ဆောင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Codename Village လို့အမည်ပေးထားတဲ့အတိုင်း ဇာတ်အိမ်ဟာ ဥရောပတိုက်အတွင်းက လူသူကင်းမဲ့ခြောက်ကပ်တဲ့ရွာလေးတစ်ရွာမှာ စတင်ရမယ်လို့သိရပြီး မှော်ဝင်ခြောက်ခြားတဲ့ မနှစ်မြို့စရာပတ်ဝန်းကျင်အဖြစ် ပုံဖော်ထားပါတယ်။ နောက်ပြီး Chris ရင်ဆိုင်ရမယ့်ရန်သူတွေထဲမှာ မြေခွေးဆန်ဆန်အရာတွေနဲ့ ကျောချမ်းဖို့ကောင်းတဲ့စုန်းနဲ့ အောက်လမ်းဆန်ဆန် မှော်ဆရာမတွေလည်း ပါဝင်တယ်လို့ သိရပါတယ် 🕷🌒
ဒီဂိမ်းမှာ Chris ကို ဟိုအရင် Resident Evil 5 နဲ့ 6 တွေတုန်းကလို ရဲမာန်အပြည့်နဲ့ ဇီဝလက်နက်တွေကိုအမြစ်ဖျက်ခြေမှုန်းမယ့် စစ်သည်တစ်ယောက်အသွင်နဲ့ မြင်ရမှာမဟုတ်ဘဲ သူ့လက်အောက်က သူ့ကိုလေးစားအတုယူတဲ့စစ်သားတွေရဲ့ကျဆုံးမှုတွေနဲ့ များပြားတဲ့ရှုံးနိမ့်မှုတွေရဲ့ ဝါးမြိုတိုက်စားခြင်းခံနေရတဲ့ စိတ်ဒဏ်ရာရနေသူတစ်ယောက်နေရာကနေ ဆော့ကစားရမှာပါ။ Chris ကို အတိတ်ကဖြစ်ရပ်တွေဟာ လိုက်လံခြောက်လှန့်နေတာဖြစ်ပြီး Resident Evil 8 ရဲ့သိရတဲ့ ဇာတ်အိမ်ဇာတ်ကြောင်တည်ဆောက်ပုံနဲ့ပေါင်းလိုက်တဲ့အခါ ဒါဟာလုံးဝကို ကွတ်တိကျတဲ့တွဲလုံးတစ်ခုပါပဲ။ နောက်ပြီး ဒီဂိမ်းဟာ စီးရီးရဲ့ရှေ့ဇာတ်ကိုဆက်တဲ့ Resident Evil 7 နဲ့ တစ်မျိုးတစ်ဖုံချိတ်ဆက်နေတယ်လို့ သိရပြီး Resident Evil 7 က ပေးစွမ်းတဲ့ဂိမ်းကစားဟန်တစ်ချို့ကို Resident Evil 8: Village မှာ ပြန်လည်ရောပြွန်းထားတယ်လို့ သိရပါတယ်။ Chris ဟာ Resident Evil စီးရီးထဲမှာ ကျွန်တော်အကြိုက်ရဆုံး အမျိုးသားဇာတ်ကောင်ဖြစ်တာကြောင့် နောင်လာမယ့် Resident Evil 8 မှာ သူပြန်လည်ပါဝင်လာတာကို ဘဝင်ခိုက်မိတဲ့အပြင် သူ့ရဲ့ရှုပ်ထွေးလှတဲ့အတိတ်ရဲ့ဖြစ်ရပ်တွေကနေ ဒီဂိမ်းအပြီးမှာ အပြီးအပိုင် ထွက်ပြေးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ကဲ ဒီတော့ အနာဂတ်မှာအားလုံးကိုအငိုက်ဖမ်းမယ့် Resident Evil 8: Village ရဲ့ သိရသမျှ အချက်အလက်တွေကတော့ ဒါပါပဲ။ ဂိမ်းချစ်သူတွေအားလုံးလည်း Capcom ရဲ့နောက်လာမယ့် Resident Evil 8 မှာ ဘယ်လောက်တောင်မှ သစ်လွင်ဆန်းပြားပြီး ခမ်းနားတဲ့အကြောက်တရားတွေကို ခံစားရမလဲဆိုတာ သိချင်နေလောက်ပြီထင်ပါတယ်။ ဖတ်ရှုသူများကို ကျေးဇူးအထူးတင်ရှိပါတယ်၊ နောက်လာမယ့်အခုလို စိတ်ဝင်စားဖွယ် ဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ် 🚪💜
Yan
No comments:
Post a Comment