Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, March 27, 2020

လက်ရှိမျိုးဆက်ဂိမ်းတွေထဲက ကျွန်တော်အကြိုက်ရဆုံး အမျိုးသမီးဂိမ်းဇာတ်ကောင်များ (အပိုင်း ၁) 👱‍♀️🌹




Jill Valentine (Resident Evil Series) 👩‍✈️💜

Resident Evil ဂိမ်းကိုဆော့ဖူးသူတိုင်း Jill Valentine ကိုသိကြမှာပါ။ Jill Valentine ကို RE စီးရီးရဲ့ မျက်နှာဖုံးပြယုဒ်အဖြစ် ကမ္ဘာလုံးအတိုင်းအတာနဲ့ ပရိသတ်တွေသိကြပြီး နှစ်စဉ်နှစ်တိုင်း တစ်ခဲနက်အားပေးသူတွေ တိုးလို့နေပါတယ်။ ဂိမ်းပရိသတ်များအနေနဲ့ Jill ကို Resident Evil ရဲ့ပထမဆုံးသောဂိမ်းမှာ စတင်တွေ့မြင်ခဲ့ရတာဖြစ်ပြီး Raccoon City ရဲတပ်ဖွဲ့ရဲ့ ထိပ်သီးစစ်ဆင်ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ S.T.A.R.S (Special Tactics and Rescue Service) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ Jill ဟာ ငယ်ရွယ်ထက်မြက်တယ်၊ ရဲစွမ်းသတ္တိရှိအပြည့်နဲ့ အရာရာကိုရင်ဆိုင်ဝံ့တဲ့အပြင် ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေအတွက်ဆိုရင် ဘာမဆိုစတေးရဲတဲ့ မိန်းမကောင်းတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါရပ်တွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးဇာတ်ကောင်ဖြစ်ပါတယ်။ Leon Kennedy ကို RE စီးရီးရဲ့ လူသိများတဲ့မျက်နှာဖုံးဖြစ်တယ်လို့ဆိုကြပေမယ့် တကယ်တမ်း RE ဇာတ်ကြောင်းအရ Raccoon City ရဲတပ်ဖွဲ့မှာ ရဲသားအဖြစ် ပထမဦးဆုံးတာဝန်ထမ်းဆောင်ဖို့ Leon ကိုယ်တိုင် Raccoon City ကို မရောက်လာခင်ကတည်းဟာ Jill ဟာ Raccoon ရဲတပ်ဖွဲ့ရဲ့ထိပ်သီး S.T.A.R.S အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတဲ့အပြင် အမေရိကန်စစ်တပ်ရဲ့ Delta Force စစ်လေ့ကျင့်ရေးမှာပါဝင်ထားတဲ့ ကမ္ဘာ့ပထမဦးဆုံးအမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ။

ဒါတင်မကသေးပါဘူး၊ Jill ဟာ ၁၉၉၈ ခုနှစ်မှာကတည်းက Wesker ဦးဆောင်တဲ့ S.T.A.R.S Alpha အဖွဲ့တစ်နဲ့အတူ Arklay တောင်ခြေမှာရှိတဲ့ Arklay Mansion ထဲက ဇီဝလက်နက်တွေ၊ Tyrant တွေနဲ့လည်း ရင်ဆိုင်တိုက်ခိုက်ဖူးတဲ့ အထူးတပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အဲဒီ Arklay Incident က လက်မတင်လေးလွတ်မြောက်သွားခဲ့ကြတဲ့ Chris Redfield, Jill Valentine, Barry Burton နဲ့ Rebacca Chamber တို့ဟာ Umbrella ကျဆုံးပြီးမကြာခင်မှာပဲ ကမ္ဘာ့ဆေးဝါးကုမ္ပဏီအဖွဲ့ချူပ်နဲ့ပေါင်းပြီး ဇီဝလက်နက်စစ်ဆင်ရေးနဲ့လုံခြုံရေးမဟာမိတ်အဖွဲ့ B.S.A.A (Bioterrorism Security Assessment Alliance) ကို ယူကေမှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီသမိုင်းတွေကိုထောက်ကြည့်မယ်ဆိုရင် RE စီးရီးတစ်လျှောက်မှာ Jill ဟာ ကမ္ဘာ့အနှံ့အပြားက ဇီဝလက်နက်ပြန့်ပွားအကြမ်းဖက်မှုတွေကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မိန်းမသားဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့အပြင် တကယ့်ကိုအံ့မခန်းတဲ့စွမ်းဆောင်ရည်နဲ့ အလျော့မပေးတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူဆိုတာ အတိုင်းသားပေါ်လွင်နေပါပြီ။ RE 2 မှာ Leon တစ်ယောက်အသည်းအသန် ကိုယ်လွတ်ရုန်းနေရတာကို အားလုံးတွေ့မြင်ခဲ့ရပေမယ့် တစ်ချိန်တည်းတစ်ရက်တည်းမှာဖြစ်ခဲ့တဲ့ Raccoon City ဖြစ်ရပ်အတွင်းမှာပဲ Jill နောက်ကို အထူးပြုနည်းပညာနဲ့ tyrant Nemesis ကိုယ်တိုင် ထပ်ချပ်မကွာလိုက်တိုက်ခိုက်ခဲ့တာပါ။ Jill နဲ့ Nemesis တို့ရဲ့တိုက်ပွဲအဆုံးသတ်ဟာ ဘယ်လိုဖြစ်သွားသလဲဆိုတာကိုတော့ အားလုံးကိုတကူးတကပြောပြနေစရာလိုမယ်မထင်ပါဘူး၊ ဒါကြောင့်မို့ပဲ Jill Valentine ဟာ ရဲရင့်သူမိန်းမသားတို့ရဲ့တုနှုန်းမရတဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့ဇာတ်ကောင်တစ်ယောက်အဖြစ် အခု နံပါတ်တစ်နေရာမှာဖော်ပြပေးခြင်းဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၃ ရက်နေ့ကျရင်ထွက်လာမယ့် Resident Evil 3 Remake ကျရင်လည်း Jill ကို ပြန်လည်တွေ့မြင်ရဦးမယ်ဆိုတာ အားလုံးကိုသတိပြန်ပေးလိုက်ရပါတယ် 🤓👍



Emily Kaldwin (Dishonored Series) 👑

Dishonored ဂိမ်းဟာ အချိန်တွေဘယ်လိုပြောင်းပြောင်း စာရေးသူကြိုက်နှစ်သက်ဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Dishonored ဂိမ်းကိုဆော့ဖူးတဲ့သူတိုင်း Emily ဆိုတဲ့ကလေးမလေးကို သိကြမှာပါ။ သို့ပေမယ့် စာရေးသူအနေနဲ့ ဘာကြောင့် ဒီဆောင်းပါးမှာ Emily ထည့်သွင်းပေးထားတာလည်းဆိုတဲ့အကြောင်းကိုတော့ Dishonored 2 ကို ကိုယ်တိုင်ဆော့ဖူးသူများမှ နားလည်ပါလိမ့်မယ်။ Emily ဆိုတာဘယ်သူလဲ? ဘာကြောင့်မို့ အကြိုက်ဆုံးမိန်းမသားဂိမ်းဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တာလဲဆိုတာကို ပြောပြရရင် Dishonored ဂိမ်းရဲ့ဇာတ်ကြောင်းအကျဉ်းကို ပြောပြမှရပါလိမ့်မယ်။ Dunwall မြို့ကြီးကိုအစိုးရတဲ့ဧကရီဘုရင်မ Jessamine Kaldwin နဲ့ တော်ဝင်ကိုယ်ရံတော် Carvo Attano တို့ရဲ့တစ်ဦးသောသမီးဖြစ်တဲ့ Emily Kaldwin ဟာ တော်ဝင်မျိုးနွယ်ရဲ့တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ပါတယ်။ ဒါပေမယ့် Emily အသက်ဆယ်နှစ်အရွယ်၊ ၁၈၃၇ ခုနှစ်မှာ Dunwall မြို့ကြီးတစ်ခုလုံးဟာ ရောဂါကပ်ဘေးတွေ၊ ဆာလောင်ငတ်မွတ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အဲဒီလိုဒုက္ခတွေကြားထဲမှာမှ ဘုရင်မဖြစ်သူ Jessamine ကို အစိုးရသစ္စာတော်ခံတွေဟာ ကြေးစားမှော်လူသတ်သမား Duad နဲ့ ပူးပေါင်းကြံစည်ပြီး Emily ရှေ့မှာတင် ပွဲချင်းပြီးသတ်ဖြတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီသစ္စာတော်ခံတွေဟာ တော်ဝင်ကိုယ်ရံတော်ဖြစ်တဲ့ Carvo ကို ဧကရစ်ဘုရင်မကိုသတ်တဲ့ လူသတ်သမားလို့ အကွက်ချစွပ်စွဲပြီး Emily ကိုဖမ်းခေါ်အကျဉ်းချထားခဲ့ပါတယ်။ ပထမ Dishonored ဂိမ်းရဲ့ဇာတ်လမ်းမှာ ကိုယ်ဟာ Carvo အဖြစ် ကိုယ်သေမိန့်ကျခံရမယ့်အကျဉ်းထောင်ကနေ ထွက်ပြေးပြီး Outsider ဆီက ရရှိတဲ့ သဘာဝလွန်စွမ်းအင်တွေနဲ့ သူ့ကိုချောက်ချတဲ့သစ္စာတော်ခံတွေကိုတစ်ယောက်ချင်းရှင်းရင်း Emily ကို နန်းပြန်တင်ရမယ့် ဇာတ်ကြောင်းဖြစ်ပါတယ်။

အဲဒီလို Dishonored 1 ကဖြစ်ရပ်တွေအပြီးမှာတော့ ဖခင်ဖြစ်သူ Carvo ဟာ သစ္စာတော်ခံတွေအားလုံးကို လက်စားချေပြီး သမီးဖြစ်သူ Emily ရဲ့ထိုက်တန်တဲ့မိဖုရားနေရာကို ပြန်လည်အရယူနိုင်ခဲ့ပါတယ်။ ဇာတ်ကြောင်းအရ ဒုတိယ Dishonored 2 မှာမှ Emily ဟာ အသက် ၂၅ နှစ်အရွယ် နုပျိုပြီးအကိုင်းအခတ်ဝေဆာတဲ့ မိန်းမသားတစ်ယောက်ဖြစ်လာခဲ့တာပါ။ အဲဒီအချိန်မှသာ ဖအေတူသွေးနဲ့ အမေ့ဘက်ကတော်ဝင်တဲ့စိတ်ဓာတ်တွေဟာ ရင့်ကျက်ထက်သန်လာပြီး နန်းထိုက်တဲ့တော်ဝင်မိန်းမသားတစ်ယောက်ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဘုရင်မ Jessamine Kaldwin ရဲ့ ၁၅ နှစ်ပြည့်နှစ်ပတ်လည်မှာတော့ စုန်းမ Delilah Copperspoon ကိုယ်တိုင်ဦးဆောင်ပြီး Dishonored 1 တုန်းကလို Kaldwin ဘုရင်မအထိုက်အရာကို အကြမ်းဖက်ပလ္လင်လုခဲ့ပါတယ်။ ဖအေဖြစ်သူ Carvo နဲ့အတူ တိုက်ခိုက်ခြင်းအတတ်တွေနဲ့ ကိုယ်ခံပညာရပ်ကို သင်ယူတတ်မြောက်ခဲ့ပေမယ့် Outsider ရဲ့ Mark ကိုရရှိပြီးမှသာ Emily ဟာသူ့ရဲ့ငုပ်လျှိုးနေတဲ့စွမ်းရည်ကို ဖွင့်ထုတ်နိုင်ခဲ့တတ်လို့ဆိုရပါမယ်။ ဓါးရေးနဲ့ မြှားပစ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ Emily Kaldwin ဟာ Dishonored 2 အပြီးမှာတော့ ဖခင်ဖြစ်သူ Carvo Attano နဲ့ပါ လက်ရည်ညီယှဉ်နိုင်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ Emily ဟာ တော်ဝင်မျိုးနွယ်ကိုအသက်နဲ့ရင်း ကာကွယ်ထိန်းသိမ်းပြီး ငယ်ရွယ်နုပျိုတဲ့ဘုရင်မတစ်ယောက်ရဲ့ဇာတ်ကောင်ကို အပြည့်အဝဖော်ကျူးထားတဲ့ မိန်းမသားဂိမ်းဇာတ်ကောင်ဖြစ်ပါတယ် 🦚



Ellie (The Last of Us Part.1) 🌷

Ellie ကတော့ လူတိုင်းလိုလိုကြိုက်ကြတဲ့မိန်းမသားဇာတ်ကောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် စာရေးသူအနေနဲ့က Ellie ကို နှစ်သက်ရတဲ့အပေါ်မှာ အားလုံးနဲ့ကွဲပြားခြားနားတဲ့ အဓိပ္ပါယ်အချို့ရှိနေပါတယ်။ ပထမဦးဆုံးအချက်ကတော့ Joel နဲ့ မတွေ့ခင်အထိ Ellie ရဲ့ဘဝတစ်လျှောက်ကြီးပြင်းလာတဲ့ပုံစံအပေါ်မှာ လွန်စွာကိုမှ ဂရုသက်သနားတဲ့စိတ်ဖြစ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ Ellie ဆိုတဲ့ကောင်မလေးဟာ လူရယ်လို့စဖြစ်လာကတည်းကိုက ငြိမ်းချမ်းတဲ့လူသားတွေရဲ့ဘဝနေထိုင်မှုဆိုတာ ဘာလည်း သိနိုင်ခွင့်မရှိခဲ့လို့ပါပဲ၊ ကလေးပီပီ ကစားကွင်းဆိုတာလည်းရှိမှန်းမသိခဲ့သလို ဘာယာတဲ့မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆိုတာ လူတွေမှာရှိသင့်တဲ့ လူမှုလက္ခဏာရပ်တွေဆိုတာမှန်း နားမလည်ခဲ့တဲ့သနားစရာ မိန်းမငယ်လေးတစ်ယောက်ပါ။ The Last of Us Pt.1 မှာ Ellie ဟာ အသက် ၁၄ အရွယ်ရောက်နေခဲ့ပေမယ့် ဒီကမ္ဘာကြီးဟာ သူမမွေးခင်ကတည်းက ပျက်သုန်းလို့နေခဲ့တဲ့အတွက် လူမှန်းသိတတ်စအရွယ်မှာ အေးချမ်းတဲ့ကမ္ဘာလောကကြီးတစ်ချိန်ကရှိခဲ့တယ်ဆိုတာ သူမအတွက်တော့ ဟိုးအဝေးက မှုန်ဝါးဝါး အိပ်မက်ကလေးသာသာရယ်ပါပဲ 🦋🍂

ဒုတိယအချက်က အဲဒီလိုဖြစ်တည်မှုတွေနဲ့ကြီးပြင်းလာတဲ့ ခိုကိုးရာမဲ့ Ellie အတွက် လူဆိုတာ ကိုယ်ရှင်သန်ဖို့ တစ်ပါးသူအသက်ကိုသတ်ဖြတ်တိုက်ခိုက်ရတယ်ဆိုတဲ့ အသိပဲရှိခဲ့ပါတယ်၊ သူမ မယုံကြည်ချင်ရင်တောင်မှ သူမ့ရှေ့မှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေနဲ့ အခြေအနေတွေဟာ ကြမ်းတမ်းခက်ထန်သတ်ဖြတ်မှုတွေအပေါ်မှာ အခြေခံနေခဲ့တာပါ။ ဒါကြောင့်မို့ သူမဟာလိုအပ်ရင်သတ်တယ်၊ လက်မတွန့်ဘဲ တစ်ပါးသူရဲ့အသက်ကိုနှုတ်ယူရဲတယ်၊ ကိုယ့်ကိုရန်မူရင် နှစ်ဆပြန်တုံ့ပြန်တယ် အဲဒါတွေဟာ Ellie ရဲ့အခြေခံလူသားဗီဇတွေမဟုတ်ရပါဘူး၊ ရိုးသားတဲ့သူမကို သူမရဲ့ပတ်ဝန်းကျင်က သင်ပြပို့ချပေးခဲ့တဲ့သင်ခန်းစာတွေပါပဲ။ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒါကြောင့်မိ့ုလည်း အခုအချိန်ထိ သူမအသက်ရှင်နေနိုင်တာဖြစ်သလို အရွယ်လေးနဲ့မလိုက်အောင်ပဲ ဘယ်လိုအန္တရာယ်မျိုးပဲကျကျ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းကလည်း အပြည့်ရှိနေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးပျက်သုန်းနေပြီး ဥပဒေစိုးမိုးမှုဆိုတာ လားလားမှမရှိတဲ့ အခုလိုမျိုးအခြေအနေမှာ မိန်းမသားတစ်ယောက်အနေနဲ့ အခုလိုလောကဓံကို တန်ပြန်တိုက်ခိုက်ရင်း အံ့တုရှင်သန်နေဖို့ဆိုတာ တစ်သက်နဲ့တစ်ကိုယ်လုံးဝမှမဖြစ်နိုင်ဘူးလို့ မှတ်ယူထားကြတာပါ 🧳

တတိယအချက်ကတော့ အဲဒီလိုကြမ်းတမ်းလွန်းပြီး အရောင်မျိုးစုံဆိုးတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ သူမရဲ့အကြင်နာတရား၊ သနားဂရုဏာထားတတ်တဲ့စိတ်၊ ငယ်ရွယ်ကလေးဆန်မှု၊ ပကတိရိုးသားမှုနဲ့ သစ္စာစောင့်သိမှုတွေကို အထင်းသားတွေ့မြင်နေရတာပါ။ ဒါဟာ Ellie ဆိုတဲ့မိန်းမသားဇာတ်ကောင်ရဲ့ အနှစ်ချူပ်အချက်ဖြစ်သလို ဘာကြောင့် Ellie ကို ကျွန်တော်ကြိုက်ရသလဲဆိုတဲ့နောက်ဆုံးအချက်ပါပဲ။ Ellie ရဲ့နောက်ကြောင်းဇာတ်လမ်းနဲ့ ဇာတ်ကောင်တည်ဆောက်ထားပုံစံဟာ လွန်စွာမှပြောင်မြောက်လွန်းတဲ့အတွက် ဒီနေရာကနေ Naughty Dog ကိုလက်ခုပ်တီးသြဘာပေးလိုက်ချင်ပါတယ်။ The Last of Us ဂိမ်းဟာ ဘာကြောင့်ဒီလောက်တောင် လူကြိုက်များတဲ့ဂိမ်းတစ်ခုဖြစ်နေရတာလဲဆိုတော့ Ellie ဆိုတဲ့ မိန်းမသားဇာတ်ကောင်ရဲ့ အထက်ပါဂုဏ်အင်္ဂါရပ်တွေဟာ ဆော့ကစားသူပုထုဇင်လူတိုင်းရဲ့ စိတ်အတွင်းထဲထိဝင်ရောက်ပြီး စွဲကိုင်လှုပ်ခတ်စေတယ်၊ သူမကြုံတွေ့ရတဲ့အဖြစ်အပျက်တွေအပေါ်မှာ သူမတုံ့ပြန်တဲ့ပုံစံကိုကြည့်ရတာ စိတ်လည်းထိခိုက်ရသလို တစ်ဖက်ကလည်းအားရဖို့ကောင်းနေတယ်။ သူမခင်မင်တွယ်တာခဲ့တဲ့ သူတွေဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူမကိုထားသွားခဲ့ကြတာကြောင့် သူမဘဝကိုအကာတစ်ခုလိုမိုးခဲ့ပြီး ဖခင်တစ်ယောက်လို လမ်းပြပေးခဲ့တဲ့ Joel ကို သူမ အဲဒီလိုလုံးဝမဖြစ်စေချင်ဘူး။ သူမတစ်ယောက်တည်း အထီးကျန်ပြီး ကူရာမဲ့လမ်းပျောက်နေပေမယ့် Joel ရဲ့ အသက်ကိုရအောင်ကယ်မယ်ဆိုတဲ့စိတ်နဲ့ အသက် ၁၄ အရွယ်မိန်းမသားတစ်ယောက်တန်မဲ့ သူမအသက်နဲ့ရင်းပြီး လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ ကျွန်တော့်ရင်ကိုတော့ ဆူးနဲ့ဆောင့်သလို ထိမိလွန်းပါတယ်။ လက်ရှိအချိန်မှာတော့ Ellie ဟာ စာရေးသူအတွက် တကယ့် Top Tier ဇာတ်ကောင်ရေးသားဖန်တီးမှုအဖြစ် အနုပညာဆန်စွာလေးစားရတဲ့ဇာတ်ကောင်ဖြစ်သလို လူသားချင်းကိုယ်ချင်းအစာနိုင်ဆုံး ဇာတ်ကောင်လည်းဖြစ်နေပါတယ်။ ယေဘုယျအမြင်မှာ ပျော့ညံ့တဲ့ ငယ်ရွယ်နုပျိုသူမိန်းမသားတစ်ယောက်ဖြစ်နေတဲ့အတွက်ကို ခံစားရတာတွေက ဆနဲ့တိုးပိုနေပါတယ်၊ ဒါပေမယ့်လည်း အဲဒီအချက်ဟာ ဘာကြောင့် Ellie Top Tier ဇာတ်ကောင်ဖြစ်နေရသလဲဆိုတဲ့ အကြီးမားဆုံးအချက်ပါပဲ 🥺❤️

ကဲ အခုကတော့ နေရာမှာအပိုင်း ၁ ပြီးဆုံးကြောင်းကို ပြောရင်း ကျွန်တော်အကြိုက်ရဆုံး အမျိုးသမီးဂိမ်းဇာတ်ကောင်များ ပထမပိုင်းကို အဆုံးသတ်လိုက်ရပါတယ်။ ဖတ်ရှုပေးသူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ မကြာခင်မှာ လာမယ့်ဒုတိယပိုင်းကို တင်ဆက်ပေးသွားမှာမို့ ဂိမ်းချစ်သူများအနေနဲ့ စောင့်မျှော်နိုင်ကြောင်းပြောရင်း နောက်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 🤓👋

Yan

No comments:

Post a Comment