လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Silent Hill ဂိမ်းနှစ်ခုကို Team Silent အဖွဲ့သားတွေရယ်၊ Kojima ရယ် Sony ရဲ့လက်အောက်ကနေ ပူးပေါင်းပြီး Silent Hill reboot PS5 ဂိမ်းအသစ်အဖြစ် ပြန်လည်ရေးဆွဲဖန်တီးမယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့ပါတယ်။ အဲဒီသတင်းကို Sony ဖက်ကရော Konami ဖက်ကပါ အတည်ပြုဖို့အချိန်မကျသေးပေမယ့် တာဝန်ရှိသူများအနေနဲ့ ဒါဟာသတင်းအမှားဖြစ်ကြောင်း၊ ကောလဟာလဖြစ်ကြောင်းဆိုတာတော့ ပြန်လည်ချေပခြင်းမပြုခဲ့တဲ့အတွက် ဂိမ်းလောကအတွက်ကတော့ ဒါဟာနောက်ဆုံးရသတင်းအချက်အလက်တွေထဲကမှ ခေါင်းထဲထည့်ထားရမယ့် အချက်တစ်ချက်အဖြစ်မှတ်ယူထားကြပါတယ်။ ဟိုးအရင်နှစ်တွေကတည်းက Silent Hill စီးရီးကို အစဉ်အဆက်အားပေးခဲ့သူတွေနဲ့ Kojima ရဲ့ပရိသတ်တွေ ကိုယ်တိုင်ကိုကလည်း သူတို့မြတ်နိုးတဲ့ဂိမ်းတွေကို သစ်ဆန်းတဲ့မျိုးဆက်သစ်ဂိမ်းတွေအဖြစ် တွေ့မြင်နေကြတယ်ဆိုတော့ကာ ဒီလိုသတင်းတွေအပေါ်မှာ မျှော်လင့်ချက်ထားနေတယ်ဆိုတာဟာလည်း ဂိမ်မာများရဲ့အပြစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့်မကြာသေးခင်ရက်များကပဲ ထပ်မံထွက်ရှိလာတဲ့သတင်းတစ်ခုအရတော့ ဂိမ်းလောကတစ်ခုလုံးအနေနဲ့ အထက်ပါ Silent Hill reboot သတင်းဟာ ပိုပြီးသေချာသွားသလို ယူဆနေကြတဲ့အပြင် အဲဒီသတင်းအကြောင်းအရာဟာ အားလုံးထင်ထားတာထက် ပိုပြီးကြီးကျယ်နေပါတယ်။ အဲဒီသတင်းကတော့ Sony ဖက်ကနေပြီး Kojima နဲ့အတူ တစ်ချိန်ကနာမည်ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ Metal Gear Series, Silent Hill နဲ့ Castlevania ဂိမ်းစီးရီးသုံးခုကို Konami ဆီကနေ အပြီးအပိုင်တာဝန်လွှဲပြောင်းပြီး ဝယ်ယူဖို့ညှိနှိုင်းနေတယ်ဆိုတာပါပဲ။ ဒီထုတ်ပြန်ချက်ဟာ မကြာခင်အချိန်ကပြန့်နှံ့ခဲ့တဲ့ Sony က Kojima နဲ့အတူပေါင်းပြီး မျိုးဆက်သစ် PS5 ဂိမ်းအတွက် Silent Hill စီးရီးကို အသက်ပြန်သွင်းမယ်ဆိုတဲ့သတင်းနဲ့ တိုက်ဆိုင်နေတာကြောင့် အတည်ယူဆရဖို့တော့ ရာခိုင်နှုန်းပိုများနေပါတယ် 📬
ဒီသတင်းကို Jack of All Controller ဆိုတဲ့ Twitter အကောင့်နဲ့ သူ့ရဲ့ဝက်ဘ်ဆိုဒ်မှာတင်ပြီးပြောပြခဲ့တာဖြစ်ပြီး အဲဒီသတင်းဟာ တကယ်တမ်းမှာ အခြားသောဂိမ်းမီဒီယာများက လူအချို့ဆီပေါက်ကြားသိရှိပြီးတဲ့သတင်းလည်း ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ Konami ဖက်ကပြန်ပြီးကြည့်မယ်ဆိုရင် Kojima လို အရည်အချင်းရှိပြီး ရသမြောက်လွန်းတဲ့ကမ္ဘာကျော်ဂိမ်းတွေကိုထုတ်နိုင်စွမ်းရှိတဲ့သူကိုမှ ကုမ္ပဏီကနေ ထုတ်ပယ်လိုက်တဲ့အတွက် တစ်ချိန်မှာအကောင်းဆုံးမျိုးဆက်သစ်ဂိမ်းတွေဖြစ်လာနိုင်စွမ်းရှိတဲ့ Metal Gear လို၊ Silent Hill လိုဂိမ်းမျိုးတွေ ထွက်ပေါ်လာဖို့ဆိုတာ မျှော်လင့်ချက်လုံးလုံးမဲ့သွားရပြီဖြစ်ပါတယ်။ ဒီဂိမ်းစီးရီးတွေကို အသက်ပြန်သွင်းဖို့အတွက်ကလည်း အဲဒီဂိမ်းတွေအကြောင်းအစအဆုံး ခရေစေ့တွင်းကျသိတဲ့ Kojima ထက်ပိုပြီး ဘယ်သူ့ဘယ်သူကမှကောင်းအောင်ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ Konami တစ်ယောက် Kojima ကိုလုပ်ခဲ့သမျှ အခုတော့ဝဠ်လိုက်ပြီးအပေါက်ကျဉ်းမိနေပါပြီ၊ ဘာလို့လည်းဆိုတော့ Metal Gear နဲ့ Silent Hill တို့ကိုအဆုံးခံပြီး ပိုင်ဆိုင်မှုပါအပြီးအစီးနဲ့ IP ရောင်းရင်ရောင်း၊ မဟုတ်ရင် အဲဒီစီးရီးတွေကဟိုးနာမည်ဟောင်းတွေအဖြစ် ကုမ္ပဏီကိုလုံးဝအကျိုးမပြုဘဲ စင်ပေါ်မှာဖုန်တတ်နေတော့မှာဖြစ်ပါတယ်။ Death Stranding အပြီး Kojima ဘက်မှာ Sony ကရပ်တည်ပေးနေတဲ့အတွက် အခုတော့ Kojima တစ်ယောက် Konami နဲ့မျက်နှာချင်းဆိုင်ပါပြီ။ Sony ဖက်ကကြည့်မယ်ဆိုရင်လည်း ဟိုးအရင်ကတည်းကအခုထိ နှစ်ရှည်လများတောင်းဆိုနေကြတဲ့ ပရိသတ်ပေါင်းများစွာရှိနေပြီး မျိုးဆက်သစ် PS5 ဂိမ်းအတွက် တစ်ချိန်မှာလက်ရာမြောက်ဂိမ်းကောင်းတွေဖြစ်နိုင်ချေရှိတဲ့ Metal Gear Series, Silent Hill နဲ့ Castlevania တို့ကို ဝယ်ယူဖို့ ကြိုးစားနေတာဟာ Sony ရဲ့ပါးနက်တဲ့စီးပွားရေးခြေလှမ်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ဝယ်ယူမှုအထမြောက်သွားမယ်ဆိုရင် တစ်ကိုယ်တော်ဇာတ်ကြောင်းနဲ့ ကျယ်ပြန့်တဲ့ဂိမ်းလောကအသားပေး linear ဂိမ်းမျိုးကို အဓိကဖန်တီးတဲ့ Sony နဲ့ Playstation brand အတွက်လည်း ဒါဟာမုတ်ချအကျိုးပေးမှာဖြစ်သလို ဂိမ်းဖန်တီးမှုတို့ရဲ့သခင် Kojima ကိုယ်တိုင်ကလည်း Sony ဖက်မှာရှိနေတဲ့အတွက် Konami ဖက်ကသာ ဒီ IP တွေကို လွှဲပြောင်းရောင်းချလိုက်ရင် ပွဲကတော့ပြတ်ပါပြီ။ Sony ကသာ Metal Gear နဲ့ Silent Hill တို့ကိုပိုင်သွားပြီဆိုရင်တော့ ဂိမ်းချစ်သူတွေအားလုံးလည်း သက်ပြင်းအကြီးကြီးချနိုင်သွားပါပြီ။ ကဲ ဒီတော့က PS5 နဲ့ပတ်သက်တဲ့သတင်းတွေက အခုချိန်မှာနေရာယူနေတဲ့အတွက် ဘယ်လိုအချိန်မျိုးမှာ ဒီသတင်းတွေက တရားဝင်ပြောကြားသွားမလဲဆိုတော့ မသိသေးပါဘူး။ အဲဒီတော့ အချိန်နဲ့တစ်ပြေးညီသတင်းတွေကို စောင့်ကြည့်ကြရင်း နောက်လာမယ့်ဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်၊ ဖတ်ရှုပေးမှုကို ကျေးဇူးအထူးတင်ပါတယ် 🌊💯

Yan
No comments:
Post a Comment