ဟိုးငယ်စဉ်ကတည်းကနေ အခုအရွယ်ရောက်လာတဲ့အထိ ဘယ်လိုအချိန်ပဲကောက်ဆော့ဆော့ စစ်မှန်ရိုးရှင်းလွန်းတဲ့ပျော်ရွင်မှုကို အလုံးအရင်းနဲ့ပေးတဲ့ဂိမ်းဟာ Grand Theft Auto ဂိမ်းတွေဖြစ်တယ်ဆိုတာ ဂိမ်မာတိုင်းငြင်းမရတဲ့အမှန်တရားတစ်ခုပါပဲ။ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Grand Theft Auto 5 ဟာ လုံးဝကိုစာဖွဲ့လို့မကုန်နိုင်အောင်ပဲ Rockstar Games အတွက်တော့ ဟိုးလေးတစ်ကျော်အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တဲ့နာမည်ကျော်ဂိမ်းတစ်ခုဖြစ်ခဲ့တာပါ။ Grand Theft Auto 5 ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင်ကို ရောင်းအားတွေကောင်းခဲ့လို့ Rockstar Games ဟာ ဂိမ်းလောကအလယ်မှာ အာရုံအစိုက်ခံရဆုံးဂိမ်းဖန်တီးသူအဖွဲ့ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ် ၂၀၁၈ ခုနှစ်က ထပ်မံထုတ်ပေးခဲ့တဲ့ Red Dead Redemption 2 ကြောင့်လည်း ဂိမ်းပရိသတ်တွေရဲ့ အားပေးထောက်ခံမှုတွေကို တစ်ခဲနက်ရရှိခဲ့ပြန်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် GTA V ဟာ Grand Auto Auto စီးရီးရဲ့နောက်ဆုံးထွက်ဂိမ်းဖြစ်သလို ၂၀၁၃ ခုနှစ်ကနေ အခု ၂၀၂၀ ခုနှစ်ရောက်တဲ့ထိ ဒီခုနှစ်တာအတွင်းမှာတော့ GTA နဲ့ ပတ်သက်ပြီး Rockstar Game ဘက်က ဘယ်လိုသတင်းမျိုးကိုမှ မှတ်မှတ်ရရမကြားခဲ့ရပါဘူး။ အခု ၂၀၂၀ ခုနှစ် မျိုးဆက်သစ်ဂိမ်းများရဲ့အားယှဉ်ပြိုင်မှုမှာ Rockstar Games အနေနဲ့ အသစ်ထွက်မယ့် Grand Theft Auto ဂိမ်းနဲ့ ဘယ်လိုကဏ္ဍကပါဝင်လာဦးမလဲဆိုတာ ဂိမ်းချစ်သူတွေနဲ့ ဂိမ်းလောကတစ်ခုလုံးက မျက်စိဒေါက်ထောက်ကြည့်ရှုနေကြပါတယ်။ ကဲ ဒီတော့ ရင်ခုန်ဖို့ကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ စလိုက်ကြရအောင်။ Grand Theft Auto စီးရီးရဲ့ ဂိမ်းအသစ် GTA 6 နဲ့ပတ်သက်ပြီး မတ်လ ၁၄ ရက်လောက်က သိရှိခဲ့တဲ့သတင်းတွေအရ Rockstar Games အနေနဲ့ GTA 6 ထွက်ရှိလာမယ်ဆိုတဲ့ အကြောင်းကြားချက်နဲ့ သက်ဆိုင်တဲ့အချက်အလက်တစ်ချို့ကို ၂၀၂၀ ခုနှစ်ရဲ့ မတ်လနှောင်းပိုင်းမှာ တရားဝင်အသိပေးသွားမယ်ဆိုတာပါပဲ 🚨
ခုနှစ်နှစ်တာလုံးလုံး ရင်ခုန်စောင့်စားနေကြတဲ့ ပရိသတ်များအတွက် ဒီသတင်းဟာ ဟိုးအဝေးက ပြန့်လွင့်လာတဲ့မျှော်လင့်ချက်အလင်းတန်းတစ်ခုပါ။ ရက်အတိအကျနဲ့ မတ်လ ၂၅ ရက်နေ့မှာ အသိပေးသွားမယ်လို့ ပြောကြားခဲ့ပေမယ့် အခုကမတ်လ ၂၅ ရက် နောက်ပိုင်းကိုရောက်ရှိလာတာကြောင့် ပရိသတ်တွေအနေနဲ့ ဘယ်လိုအချိန်မှာမှ Rockstar Games က ထုတ်ပြောမှာလဲ? GTA 6 ဟာ ထွက်လာမှာရော ဟုတ်ရဲ့လား? ဆိုတဲ့မသဲကွဲမှုတွေကြား ရင်တမမဖြစ်နေခဲ့တာ အမှန်ပါပဲ။ ဒီတော့ ဒီသတင်းတွေရဲ့ကနဦးမြစ်ဖျားခံရာဟာ ဘယ်ကလဲလို့မြေလှန်ကြည့်လိုက်တဲ့အခါ ဒီသတင်းကိုစတင်လာတာက 4chan လူမှုကွန်ယက်ကဖြစ်ပါတယ်။ 4chan ကလာတဲ့ အချို့သောဂိမ်းသတင်းအများအပြားနဲ့ ကြိုတင်မှန်းဆချက်တွေဟာ တစ်ခါတစ်ရံမှာ သွေးထွက်အောင်မှန်ကန်သွားတတ်တာမို့ ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလို ဘယ်လိုယူဆရမှန်းမသိဖြစ်သွားရပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကို ပြန်လည်လှုပ်ခါလိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်၊ အရင်ကဆိုရင် GTA 6 ရဲ့ဝက်ဘ်ဆိုဒ်ဆိုပြီး လင့်ခ်ကနေဝင်လိုက်ရင် Rockstar Games ရဲ့တရားဝင်ပင်မဝက်ဘ်ဆိုဒ်ကိုသာ တန်းရောက်သွားလေ့ရှိပါတယ်၊ အခုကတော့ အဲဒီ GTA 6 ဝက်ဘ်ဆိုဒ်လင့်ကိုဝင်လိုက်ရင် ဝင်ရောက်ကြည့်ရှုလို့မရသေးပါဆိုတဲ့မက်ဆေ့ချ်နဲ့ မတ်လ ၂၃ ရက်နေ့က ဝက်ဘ်ဆိုဒ်ကိုပြန်လည်ပြင်ဆင်သွားပါတယ်ဆိုပြီး ဖော်ပြထားလို့ပါပဲ။ ဒါဟာ မကြာခင်မှာ GTA 6 ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်လာမှာလားဆိုတာကို မျှော်လင့်ချက်ပေးတဲ့သဘောလားဆိုတာ ဂိမ်မာများအနေနဲ့ မသဲမကွဲဖြစ်နေဆဲပါ 🤷♂️
ဘာကြောင့်အဲလိုပြောရသလဲဆိုတော့ Rockstar Games အနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ် Red Dead Redemption 2 မထွက်ခင်က သူတို့တရားဝင်ဝက်ဘ်ဆိုဒ်ရဲ့ Rockstar Games တံဆိပ်ကို ရွှေရောင်လေးပြောင်းပြီး ဂိမ်းထွက်လာမယ့်အကြောင်း ကြိုတင်အသိပေးခဲ့လို့ပါပဲ။ အားလုံးကိုပြန်လည်ခြုံငုံကြည့်လိုက်မယ်ဆိုရင် Rockstar Games အနေနဲ့ GTA 6 ကို အခုလိုအချိန်မှာ အသိပေးဖို့ဟာ အသင့်တော်ဆုံးပါ။ GTA 6 ကိုကြေညာလိုက်ပြီဆိုတာနဲ့ မျိုးဆက်သစ်ဂိမ်းတိုက်ပွဲအကြားမှာ အားလုံးရင်ခုန်နေကြတဲ့ The Last of Us 2, Ghost of Tsushima, FF7 Remake, Cyberpunk 2077 လိုဂိမ်းတွေနဲ့ ကဏ္ဍချင်းတူသွားမယ့်အပြင် မာကတ်တင်းနဲ့ press တွေ သိပ်မလိုအပ်ပဲ ပရိသတ်တွေလည်း တကယ့်ကိုရင်ခုန်စေမယ့်အချိန်လည်း ဖြစ်နေပါတယ်။ ဒီတော့ GTA 6 နဲ့ပတ်သက်ပြီး Rockstar Games က ဘယ်လိုမျိုးဆက်လုပ်သွားမှာလည်းဆိုတာကတော့ အားလုံးစောင့်ကြည့်နေမှရတော့မှာပါ။ ဂိမ်းလောကသတင်းတွေကို တစ်စက္ကန့်မလပ် မျက်စိဖွင့်နားစွင့်နေရမှာကတော့ ဂိမ်မာတွေတာဝန်ဖြစ်ပါတယ်။ အားလုံးပဲ ဖတ်ရှုပေးတာကိုကျေးဇူးတင်ပါတယ်။ ကဲ နောက်လာမယ့် စိတ်ဝင်စားစရာဂိမ်းအကြောင်းအရာတွေနဲ့အတူ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်လို့ပြောရင်း ဒီကနေနှုတ်ဆက်လိုက်ပါတယ် 💜💐
Yan
No comments:
Post a Comment