Silent Hill လို့ဆိုလိုက်တာနဲ့ ဟိုးအဝေးခပ်လှမ်းလှမ်းက အထီးကျန်နေတဲ့ မှိုင်းပျပျမြို့ဆိုင်းဘုတ်နဲ့ လမ်းမတစ်လျှောက်မှာအုံ့ဆိုင်းနေတဲ့မြူတွေရဲ့နောက်ကွယ် လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေတဲ့မြို့တစ်မြို့ကို ပြေးမြင်တတ်ကြပါတယ်။ ပထမဦးဆုံး Silent Hill ဂိမ်းထွက်ရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစပြီး လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၁၄ ခုနှစ်က နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ Silent Hills: Playable Teaser အထိ စီးရီးတစ်ခုလုံးဟာ ကွဲပြားတဲ့ဇာတ်လမ်းပေါင်းများစွာနဲ့ ပရိသတ်တွေကို မတူထူးခြားတဲ့ Horror အတွေ့အကြုံခံစားမှုတွေ ပေးစွမ်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Konami နဲ့ Hideo Kojima တို့နှစ်ဦးနှစ်ဖက် သမဘောမတိုက်ဆိုင်မှုများစွာကြောင့် အပြီးအပိုင်လမ်းခွဲခဲ့ရပြီး Kojima ဘက်က တစ်ကိုယ်တော်လွတ်လပ်တဲ့ Kojima Productions ကိုတည်ထောင်ခဲ့တဲ့ကိစ္စအထိတော့ အားလုံးသိကြပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Silent Hill ရဲ့နောက်ဆုံးထွက်သက် Playable Teaser ဟာ တကယ်တမ်းမှာ Kojima က Konami အပေါ်မှာ ထားရှိခဲ့တဲ့ မကျေနပ်ချက်ပေါင်းများစွာနဲ့ နှစ်ဖက်အကြား တဖြည်းဖြည်းလောင်မြိုက်လာတဲ့ဆက်ဆံရေးကို ချက်ကျလက်ကျ မီးမောင်းထိုးပြခဲ့တဲ့ လက်ရာမြောက်ဂိမ်း Teaser အပိုင်းအစတစ်ခုဖြစ်တယ်ဆိုတာတော့ လူအများစုမရိပ်မိကြပါဘူး။ ဒါဟာ Konami လက်အောက်မှာ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ Kojima အတွက် တရားဥပဒေအရ အကျုံးဝင်နေသေးတဲ့ non disclosure agreement နဲ့အခြား confidential ကိစ္စရပ်တွေကို အားလုံးသိအောင်ဖော်ထုတ်ဖို့ တီထွင်ကြံဆမှုမြင့်မားစွာနဲ့ ကတုံးပေါ်ထိပ်ကွက်တစ်ဖက်လှည့်ပြီး ထုတ်ပေးခဲ့တဲ့ Playable Teaser ဖြစ်ပါတယ်။ ဘယ်တွေပဲြပောပြော ရှုပ်ထွေးလွန်းလှတဲ့ Konami Kojima ဒရာမာတွေကြားမှာ အထိအနာရဆုံးကတော့ လက်ရာမြောက်ဂိမ်းတွေကို ဆံ့တငင်စောင့်မျှော်နေကြတဲ့ ဂိမ်းချစ်ပရိသတ်တွေနဲ့ Silent Hill စီးရီးရဲ့ရှေ့ဆက်မယ့်အနာဂတ်ပါပဲ 🧘♂️🙌
ဒါပေမယ့် လတ်တလောပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေအရတော့ အချိန်ကာလကြာမြင့်စွာ ငုပ်လျှိုးနေခဲ့ရတဲ့ Silent Hill စီးရီးဟာ အနာဂတ်မှာ PS5 ဂိမ်းတစ်ခုအဖြစ် အားလုံးဆီကို အသွင်သစ်နဲ့ ပြန်လည်ရောက်ရှိလာနိုင်တယ်ဆိုတာပါပဲ။ Silent Hill Reboot ရဲ့ကောလဟာလတွေဟာ ဟိုးအရင်နှစ်တွေကတည်းက အင်တာနက်ပေါ်မှာ ပြန့်ကျဲနေခဲ့တာဖြစ်ပြီး အခုသတင်းကတော့ Twitter ပေါ်က Aesthetic Gamer and Rely on Horror တို့ နှစ်ယောက်ဆီက စတင်လာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးအသီးသီးတင်ခဲ့တဲ့ ပို့စ်တွေအရ Silent Hill ဂိမ်းအသစ်ဟာ အခုအချိန်မှာဆိုရင် ရေးဆွဲဖန်တီးနေဆဲအဆင့်မှာ ရောက်ရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ ဒီသတင်းဟာ public ကိုထုတ်ပြောမယ့် သတင်းဖြစ်တယ်လို့ ယုံကြည်ချက်ရှိစွာ ပြောကြားခဲ့တာဖြစ်ပါတယ်။ Silent Hill Reboot ဟာထွက်ရှိလာဖို့ ကြိမ်းသေတယ်ဆိုရင် နဂိုဖန်တီးခဲ့သူများဖြစ်တဲ့ SIE Japan Studio နဲ့ စီးရီးဒါရိုက်တာ Keiichiro Toyama, ဇာတ်ကောင်ဒီဇိုင်နာ Masahiro Ito နဲ့ Silent Hill ရဲ့နာမည်ကျော်နောက်ခံတေးဖွဲ့သူ Akira Yamaoka ဟာ ကဏ္ဍအလိုက် တာဝန်ယူမှာဖြစ်တာလို့ သိရပါတယ်။ Hideo Kojima ကိုယ်တိုင်က သူ့ရဲ့ Twitter မှာ ဂိမ်းသစ်တစ်ခုကိုစတင်ဖန်တီးနေပြီဖြစ်တယ်ဆိုတဲ့ အရိပ်အမြွက်တွေနဲ့ Kojima Productions ကလည်း "Sorry to be silent everyone! I've been really busy lately.....I think i can say more soon about what we are going" ဆိုတဲ့စာသားနဲ့အတူ ပို့စ်တင်ခဲ့ပြီး ဇာတ်ကောင်ဒီဇိုင်နာ Masahiro Ito ကလည်း အလုပ်များနေတဲ့ပို့စ်ကို တင်ခဲ့တာ အသီးသီးတွေ့နိုင်ပါတယ် 🤓
ဘာမှန်းတော့အသေအချာမသိရသေးပေမယ့် တစ်ခုခုတော့ လုပ်ငန်းစနေပြီဆိုတာ ခံစားမိပါတယ်။ ဒါ့အပြင် Konami အနေနဲ့လည်း အနာဂတ်မှာ Silent Hill IP ကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ချက်ပြင်းပနေတဲ့အတွက် ဒီတစ်ခေါက်တော့ အရာအားလုံးကောင်းကောင်းမွန်မွန်နဲ့ ဆုံစည်းနိုင်စေဖို့တော့ မျှော်လင့်မိပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့အားလပ်ရက်ရာသီမှာ PS5 ကိုတရားဝင်ကြေညာမှာဖြစ်တာကြောင့် ဂိမ်းချစ်သူများကလည်း အတတ်နိုင်ဆုံးမျက်စိဖွင့်နားစွင့်နေဖို့ လိုပါတယ်၊ တစ်ခေတ်တစ်ခါက Resident Evil နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ Silent Hill စီးရီးကို ဇာတ်လမ်းအဓိကအသားပေး ရသစုံပေးစွမ်းဂိမ်းတွေကို ချစ်တဲ့ပရိသတ်တစ်ယောက်အနေနဲ့ ပြန်လည်အသက်ဝင်စေချင်တာတော့ စစ်မှန်တဲ့ဆန္ဒတစ်ခုဖြစ်ပါတယ်။ ကဲ ဒီတော့ Silent Hill အတွက် တစ်ချိန်မှာတောက်ပလာနိုင်မယ့် မျှော်လင့်ချက်အလင်းလေးကို အတူစောင့်မျှော်ရင်း အားလုံးနဲ့အတူ ကျွန်တော်ကတော့ PS5 ပွဲဦးထွက်မယ့်နေ့ကို စောင့်လို့နေပါတယ် 🌊🖤
Yan
No comments:
Post a Comment