၂၀၁၇ ခုနှစ်တုန်းက ဂိမ်းလောကတစ်ခွင်မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ အခိုက်အတန့်တစ်ခုကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒါကတော့ EA ရဲ့ CEO ဖြစ်သူ Blake Jorgensen ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်တို့ဂိမ်းချစ်ပရိသတ်တွေ ဟိုးငယ်စဉ်ဘဝကတည်းက နှစ်သတ်မြတ်နိုးတွယ်တာလာခဲ့တဲ့ လက်ရာမြောက်ဇာတ်လမ်းသွားဂိမ်းတွေနဲ့ ပတ်သက်ပြီးပြောကြားခဲ့တဲ့စကားကြောင့်ပါပဲ။ အားလုံးကိုခြုံငုံပြီး အကြမ်းချုံးပြောပြရမယ်ဆိုရင် ၂၀၁၇ ခုနှစ်တစ်နှစ်အတွင်းမှာပဲ EA ဟာ သူတို့ရဲ့လက်အောက်က တစ်ကိုယ်တော်ဇာတ်ကြောင်းအသားပေး Star Wars ဂိမ်းကို ဖန်တီးနေတဲ့ Visceral Games ကို ဖျက်သိမ်းခဲ့ပါတယ်။ တစ်ရံရောအခါက Horror ချစ်ပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့ရတဲ့ Dead Space စီးရီးနောက်ကွယ်က ဂိမ်းဖန်တီးတဲ့ Visceral Games စတူဒီယိုတစ်ခုလုံးကို ဖျက်သိမ်းလိုက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ Single Player ဂိမ်းလုပ်ဖို့အတွက် ဘတ်ဂျက်ကိုအသုံးမချနိုင်တဲ့အပြင် "သူတို့အချိန်ယူပြီးဖန်တီးနေတဲ့ အဲဒီ Star Wars ဂိမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာတာနဲ့ တစ်ကိုယ်တော် Linear ဇာတ်လမ်းအသားပေးဂိမ်းမျိုးဖြစ်နေတယ်၊ ပြဿနာက Single Player ဂိမ်းတွေက လွန်ခဲ့တဲ့ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ကလိုမျိုး ဘောင်မဝင်တော့ဘူး၊ လူတွေမကြိုက်ကြတော့ဘူး" ဆိုတဲ့ပြောကြားချက်ပါပဲ 🤷♂️
ဒါဟာ ဂိမ်းလောကမှာ ဦးစီးဦးဆောင်ခေတ်ရှေ့ပြေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ EA ရဲ့ CEO ဖြစ်သူ Blake Jorgensen ကိုယ်တိုင်ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ အဲဒီပြောကြားချက်အပြီး သိပ်မကြာလိုက်ပါဘူး၊ ဂိမ်းလောကတစ်ခွင်မှာ အဲဒီသတင်းဟာ တောမီးလောင်သလို ပြန့်နှံ့သွားပြီး ဂိမ်းမီဒီယာကြီးတွေ၊ ဂိမ်းဂျာနယ်လစ်တွေနဲ့ ဂိမ်းလောကသုံးသပ်အကဲဖြတ်သူတွေဟာ သူ့ထက်ငါအပြိုင် ဗီဒီယိုဂိမ်းတွေအပေါ်ထားရှိတဲ့ ခံယူချက်ကိုယ်စီပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီး ဒီကိစ္စရပ်ကို ဆွေးနွေးငြင်းခုံလာကြပါတယ်။ ၂၀၁၇ ခုနှစ်ကနေ အစပျိုးခဲ့တဲ့ ဒီသတင်းရဲ့ပဲ့တင်သံဟာ အခု ၂၀၂၀ ခုနှစ်အထိဆိုရင် အချိန်သုံးနှစ်တိတိ ကြာမြင့်သွားပြီဖြစ်ပေမယ့် အခုထိအချို့သောကဏ္ဍတွေမှာ အကျုံးဝင်နေဆဲဖြစ်ပါတယ်။ အဲဒီတော့အရင်ဆုံး ကျွန်တော်တို့ဘက်က EA အနေနဲ့ ဘာကြောင့် ဒီလိုမျိုးစကားတစ်ခွန်းကို ရည်ရွယ်ချက်ပါပါ ပရမ်းပတာ ပြောကြားခဲ့တာလဲ? ဂိမ်းဈေးကွက်အပေါ်မှာ EA ထားရှိတဲ့တန်ဖိုးနဲ့ ဖန်တီးမှုအရည်အသွေးကရော ဘယ်လိုရှိသလဲ? လက်ရှိဂိမ်းလောကအခြေအနေကရော ဘယ်လိုဖြစ်နေပြီလဲ? အစရှိတာတွေကို သုံးသပ်ဆွေးနွေးတင်ပြလိုခြင်းအလို့ငှာ ဒီဂိမ်းဆောင်းပါးကို ရေးသားတင်ဆက်ရခြင်းဖြစ်ပါတယ်။ ကဲ အဆင်သင့်ဖြစ်ပြီဆိုရင် အားလုံးပဲ စလိုက်ကြရအောင် 🤓➡️➡️
ဂိမ်းများအတွင်းမှာ ဂိမ်းတွင်းပစ္စည်းဝယ်ယူမှု (Microtransaction) များ ကျယ်ပြန့်စွာထည့်သွင်းလာခြင်း
အရင်ဆုံးတင်ပြလိုတဲ့ပထမအချက်က ကျွန်တော်တို့ဂိမ်းပရိသတ်များလွန်စွာမှ မုန်းတီးတဲ့ ဂိမ်းတွင်းပစ္စည်းဝယ်ယူမှု (microtransaction) များဟာ ဂိမ်းတစ်ခုတည်းမှာ လိုသည်ထက်ပိုပြီး ဖောင်းကားပြည့်ကျပ်နေခြင်းနဲ့ အဲဒီဂိမ်းတွင်းဝယ်ယူမှုတွေဟာ ကျွန်တော်တို့ရဲ့ဂိမ်းကစားခြင်းအတွေ့အကြုံကို ဘယ်လောက်ထိပိုမိုကောင်းမွန်သွားအောင် အကျိုးပြုသလဲဆိုတာပါ။ ကိုယ့်ရဲ့ဇာတ်ကောင်လေး ပိုပြီးဖက်ရှင်ကျသွားတယ်၊ အမိုက်စားဂိမ်းဇာတ်ကောင်တွေကို သစ်လွင်တဲ့ပုံစံနဲ့ တွေ့မြင်ရတယ်၊ သာမန်ထက်ပိုပြီးစုံလင်တဲ့ရွေးချယ်မှုတွေကို အသုံးပြုခွင့်ရှိသွားတယ် အစရှိတဲ့အချက်တွေဟာ ဂိမ်းတွင်းပစ္စည်းဝယ်ယူမှုများကြောင့် သူရဲ့နဂိုမူလဂိမ်းတစ်ခုလုံးကို ပိုမိုစိုပြေလှပသွားစေနိုင်တဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ အတိုင်းအတာတစ်ခုထိ ဒါဟာလက်ခံနိုင်ဖွယ်ရာရှိသလို ကျွန်တော်ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ဇာတ်ကောင်တွေကို တခြားကွဲပြားတဲ့ဒီဇိုင်းတွေနဲ့ တွေ့မြင်ဆော့ကစားရတာ နှစ်သက်ပါတယ်။ ပြဿနာကဘယ်မှာစသလဲဆိုတော့ EA အနေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းပြည့်ဝတဲ့ ကုမ္ပဏီရဲ့အနာဂတ်မှာထွန်းလင်းမယ့် ဂိမ်းအိုင်ဒီယာကို အတိအလင်းပယ်ဖျက်ပြီး အဲဒီအစား ဂိမ်းတွင်းပစ္စည်းဝယ်ယူမှု (microtransaction) တွေ ဒလဟောထည့်သွင်းဖို့ ပိုမိုအဆင်ပြေတဲ့ ဂိမ်းမျိုးကို ဆက်တိုက်ဖန်တီးနေတာပဲဖြစ်ပါတယ်။ သူထုတ်တဲ့ဂိမ်း သူ့ဟာသူကြိုက်တာလုပ်ပလေ့စေပေါ့လို့ ဆိုမယ့်သူကဆိုနိုင်ပေမယ့် ဒါဟာ တကယ်တမ်းမှာ ဂိမ်းတစ်ခုကို အမြတ်အစွန်းမြောက်မြားစွာရစေခြင်း အလို့ငှာ စီးပွားရေးရှုထောင့်က သီးသန့်ကြည့်ပြီးတော့သာ ထုတ်တဲ့ဆုံးဖြတ်ချက်ဖြစ်နေပါတယ်။ စီးပွားရေးအမြတ်အစွန်းရရေးကသာ ကုမ္ပဏီရဲ့အဓိကတာဝန်ဖြစ်နေတဲ့အတွက် EA ကထုတ်တဲ့ဂိမ်းတွေဟာ တီထွင်ဖန်တီးမှုလက်ရာမမြောက်တော့သလို အနုပညာဆန်ဆန် ရသအစုံအလင်ကိုလည်း မပေးစွမ်းနိုင်တော့ပြန်ပါဘူး။ ဟိုအရင်ခေတ်တွေကဆိုရင် ဂိမ်းတစ်ခုဆိုရင်တစ်ခု အစကနေအဆုံးထိ ထုံးလိုမွေရေလိုနှောက် အောင်မြင်အောင်ဆော့ကစားပြီးမှ ရရှိတဲ့ဆုလာဒ်တွေဟာ အခုနောက်ပိုင်းဆိုရင် ဝယ်ယူမှရမယ့်အရာတွေဖြစ်ကုန်ကြသလို ဂိမ်းတွင်းဝယ်ယူမှုတွေဟာ ကစားသူရဲ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုကိုတိုင်းတာတဲ့ စံစနစ်သဖွယ်ဖြစ်လို့ လာကြပါတယ်။ EA ကတော့ သူ့အိုးနဲ့သူ့ဆန်ရှိပစေတော့ ဆိုပေမယ့် အခုနောက်ပိုင်းရှိရှိသမျှ ဂိမ်းများအားလုံးဟာလည်း ဂိမ်းတွင်းဝယ်ယူမှုများကို မထည့်မဖြစ်ကဏ္ဍလို့ သဘောထားပြီး ထည့်သွင်းကုန်ကြပါတယ်။

ဝန်ဆောင်မှုအခြေခံ (Service-based) ဂိမ်းများဟာ ဂိမ်းလောကတစ်ခွင်မှာ ကြီးမားတဲ့ဈေးကွက်ဖြစ်လာခြင်း 🌒⏳
ဝန်ဆောင်မှုအခြေခံဂိမ်းများဟာ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ အပန်းဖြေဂိမ်းဥယျာဉ်များမှာရှိတဲ့ အကြွေစေ့ထည့်ဘားဆွဲလိုက်လို့ အတန်းညီသွားရင် ဆုတစ်ခုခုကျလာတဲ့ slot machine များနဲ့တူပါတယ်။ Slot Machine တွေရဲ့သဘောတရားဟာ ကြိုက်သလောက်အကြွေစေ့ထည့်ပြီး ဘယ်လောက်ပဲဘားဆွဲဆွဲ အတန်းညီဖို့ဆိုတာ မသချောသလို ကိုယ်လိုချင်တဲ့အရာကိုရမရဆိုတာလည်း မကြိမ်းသေလွန်းတဲ့ တောသားထောင်ချောက်ပါပဲ။ ဒီဝန်ဆောင်မှုအခြေခံ (Service-based) ဂိမ်းဆိုတာတွေနဲ့ မရင်းနှီးသေးသူ (အရောင်မစွန်းသေးတဲ့ဂိမ်မာများ) တွေကို ဝန်ဆောင်မှုအခြေခံဂိမ်းဟာ ဘာလဲဆိုတာကို အကြမ်းဖျင်းပြောပြဖို့ လိုလာပါပြီ။ ဂိမ်းလောကရဲ့ရွှေခေတ်လို့ အမွှန်းတင်နိုင်တဲ့ တစ်ရံရောအခါက MMOs (Massively Multiplayer Online Games) ဂိမ်းများဟာ လက်ရှိခေတ်ပေါ်ဝန်ဆောင်မှုအခြေခံ (Service-based) ဂိမ်းများရဲ့ ကနဦးအစပျိုးရာမြစ်ဆိပ်လို့ ဆိုနိုင်ပါတယ်။ ဝန်ဆောင်မှုအခြေခံဂိမ်းဆိုတာကို အရှင်းလင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ အချိန်နဲ့တစ်ပြေးညီဝန်ဆောင်မှုပေးတဲ့ဂိမ်း၊ အစမဲ့အဆုံးမဲ့ပေမယ့် မရပ်မနားဘဲတစ်သတ်မတ်တည်းဆော့ကစားနိုင်တဲ့ဂိမ်း၊ အွန်လိုင်းချိတ်ဆက်မှုကတဆင့် ကျရောက်တဲ့ရာသီအလိုက် ဂိမ်းအပြင်အဆင်အပြောင်းအလဲတွေ၊ ဂိမ်းတွင်းဝယ်ယူမှုနဲ့ Update တွေကို အချိန်မှန်ထည့်သွင်းတဲ့ဂိမ်းမျိုးလို့ မှတ်ယူနိုင်ပါတယ်။ နောက်တစ်ခုက အဲဒီဝန်ဆောင်မှုအခြေခံ (Service-based) ဂိမ်းတွေနဲ့ Battle Royale ဂိမ်းအမျိုးအစားဟာ နှစ်လွှာပေါင်းမှတစ်ရွယ်ဖြစ်တဲ့ စွယ်တော်ရွက်လိုမျိုး အသည်းစိုင်ကညှာဆက်ပေါင်းစည်းနေတတ်ကြပါတယ်၊ ဒါဟာ လက်ရှိမော်ဒန်ခေတ် ဝန်ဆောင်မှုအခြေပြုဂိမ်းများရဲ့ ဖော်မြူလာသဖွယ်ဖြစ်နေကြပါပြီ။ Battle Royale ဟေ့ ဆိုတာနဲ့ တွေးမကြည့်နဲ့ Service-based ဂိမ်းဖြစ်သလို Service-based ဂိမ်းဟေ့ ဆိုတာနဲ့ ပြေးမကြည့်နဲ့ Battle Royale ဂိမ်းပါပဲ။
ဝန်ဆောင်မှုအခြေပြုဂိမ်းစနစ်နဲ့ Battle Royale ဂိမ်းအမျိုးအစားဟာ လွန်စွာမှလိုက်ဖက်လွန်းတာဟာ ဘာကြောင့်လဲလို့အဖြေရှာကြည့်မယ်ဆိုရင် ရာသီလိုက် အချိန်နဲ့တစ်ပြေးညီတည်းသွားနေတဲ့ ဝန်ဆောင်မှုအသားပေးဂိမ်းတည်ဆောက်မှုစနစ်နဲ့ အွန်လိုင်းကတဆင့်ချိတ်ဆက်ပြီး ကစားသူအမြောက်အမြားနဲ့ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့ Battle Royale ဂိမ်းအမျိုးအစားဟာ အံ့ဝင်ခွင်ကျကြီးကို ကိုက်ညီလွန်းတဲ့တွဲလုံးဖြစ်နေလို့ပါပဲ။ အဲဒီလိုရာသီအလိုက် update လုပ်ရတဲ့ ဝန်ဆောင်မှုအခြေခံ Battle Royale ဂိမ်းတွေထဲမှာ ကိုယ်ငွေကြေးသုံးစွဲနိုင်သလောက် ဝယ်ယူနိုင်တဲ့ ဂိမ်းတွင်းပစ္စည်း (microtransaction) တွေကို အရန်သင့်လေး ပေါင်းထည့်လိုက်တဲ့အခါမှာတော့ အိုးမိုင်ဂေါ့!!! ဒါဟာတစ်ကယ့်ကို တစ်ချွင်ချွင်မည်နေတဲ့ ငွေဒင်္ဂါးအမြတ်အစွန်းပေါင်းများစွာ ကိုယ့်အိတ်ကပ်ထဲဝင်လာနိုင်မယ့် EA ရဲ့ စီးပွားရေးစီမံကိန်းတစ်ခုဖြစ်သွားတော့တာပါပဲ။ အဲဒီလိုဝန်ဆောင်မှုအခြေခံထားတဲ့ Battle Royale ဂိမ်းမျာအဆမတန်တိုးပွားလာခြင်းဟာ Konami နဲ့ Hideo Kojima တို့ တံတားကျိုးလမ်းခွဲခံရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ကျွန်တော်တို့ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဂိမ်းဟောင်းအချို့နောက်ဆက်တွဲခွေတွေ ဆက်မထွက်လာနိုင်ခြင်းဟာလည်း အလားတူစွာပဲ ဝန်ဆောင်မှုအခြေခံဂိမ်းတွေ အလွန်အကျွံဈေးကွက်ချဲ့ထွင်လာတာကြောင့်ပါပဲ။ မြင်သာအောင်ပြောရမယ်ဆိုရင် သိပ်မကြာသေးခင် လွန်ခဲ့တဲ့လေးနှစ် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Player's Unknown Battleground (PUBG), ၂၀၁၇ ခုနှစ်ကထွက်လာတဲ့ Fortnite, ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Apex Legends နဲ့ အခုလက်ရှိမှာရေပန်းစားနေတဲ့ Call of Duty: Warzone တို့ဟာ တကယ့်တကယ့်တမ်းမှာ ဆော့ကစားသူတစ်စတစ်စတိုးပွားလာတဲ့အပြင် ဂိမ်းလောကရဲ့ ဈေးကွက်ကြီးတွေကို လက်ဝါးကြီးအုပ်ထားတဲ့ဂိမ်းများဖြစ်လာကြပါတယ်။ ဒါဟာဘာနဲ့အလားအဏ္ဍာန်တူသလဲဆိုရင် ကမ္ဘာ့တိုက်ပေါင်းစုံမှာ ကူးသန်းသွားလာပြန့်နှံ့နေပြီး လူထုကိုအသုံးမလိုတဲ့နေရာမှာ ပိုမိုအကုန်အကျများအောင် တွန်းအားပေးနေတဲ့ COVID-19 (Coronavirus) လိုပါပဲ 👾

ဇာတ်လမ်းအသားပေးဂိမ်းတွေဟာ ကျယ်ပြန့်တဲ့ဈေးကွက်ကိုချူပ်ကိုင်ထားပြီး လက်ရှိမှာ ကစားသူပေါင်းများစွာမြတ်နိုးနေဆဲပါဆိုတဲ့ ဂိမ်းလောကရဲ့သက်သေ 🤜🤛
တကယ်တမ်းမှာ ရည်ရွယ်ချက်ကြီးမားသူတွေဟာ သပုတ်လေလွင့်စကားများမနေဘဲ အလုပ်နဲ့သက်သေပြတတ်ကြပါတယ်။ EA ဟာ အခုလိုမျိုးတစ်ယူသန်တဲ့ထုတ်ပြန်ချက်ကို တရားဝင်ကြွေးကြော်လိုက်ပါပြီတဲ့၊ ဒါပေမယ့် အဲဒီလိုကြွေးကြော်ချက်ဟာ မှန်ကန်ရဲ့လား? ယုတ္တိတန်ရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ဖို့အတွက် Sony နဲ့ Playstation တို့ကသာမက အခြားဂိမ်းဖန်တီးသူပေါင်းမြောက်မြားစွာကပါ ပြန်လည်သက်သေပြခဲ့ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာထွက်ရှိခဲ့တဲ့ Horizon Zero Dawn ရဲ့ လက်ရှိ ၂၀၂၀ မှာ ၁၀ မီလီယံပြည့်သွားတဲ့ တစ်ကိုယ်တော်ပေါက်ြမောက်သွားမှုကနေအစပြုပြီး ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာပဲထွက်ရှိခဲ့တဲ့ ဧပြီလရဲ့ God of War ဂိမ်းဟာ အချိန်တစ်လအတွင်းမှာ unit ပေါင်း ၅ မီလီယံရောင်းအား၊ စက်တင်ဘာလမှာဆိုရင် Spiderman ဂိမ်းဟာ အချိန်သုံးရက်အတွင်းမှာ unit ပေါင်း ၃.၃ မီလီယံရောင်းအား၊ အောက်တိုဘာလထွက် Read Dead Redemption 2 ဟာဆိုရင်လည်း အချိန်နှစ်ပတ်အတွင်းမှာ ၁၇ မီလီယံရောင်းအား အသီးသီးပွဲထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်ရဲ့ The Game Awards မှာ Game of the Year ဆုကိုရရှိခဲ့တဲ့ Legend of Zelda: Breathe of the Wild ရဲ့ ၁၇ မီလီယံရောင်းအားနဲ့ Resident Evil 7 ရဲ့ ၃.၅ မီလီယံရောင်းအားကို ထပ်မပေါင်းထည့်ထားပါဘူး။ ယမန်နှစ် ၂၀၁၉ မှာအသီးသီးထွက်ရှိခဲ့ကြတဲ့ Death Stranding, Resident Evil 2 Remake, Sekiro: Shadows Die Twice, Devil May Cry 5 နဲ့ Control တို့ဟာလည်း တစ်ကိုယ်တော်ဇာတ်လမ်းသွားကို အသားပေးထားတဲ့ Single Player အတွေ့အကြုံများဖြစ်ကြသလို သိပ်မကြာတော့တဲ့ ၂၀၂၀ ရဲ့အနာဂတ်မှာ ထွက်ရှိလာမယ့် Final Fantasy 7 Remake, Ghost of Tsushima, Cyberpunk 2077 တို့ဟာလည်း ဂိမ်းလောကတစ်ခုလုံးက ပရိသတ်တွေအားလုံး လွန်စွာမှမျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေကြတဲ့ Linear ဂိမ်းများဖြစ်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ဂိမ်းချစ်သူတစ်ယောက်ချင်းစီဟာ နောက်ခံဇာတ်ကြောင်းကောင်းကောင်းနဲ့ တစ်ကိုယ်တော်ခရီးစဉ်ကို အနုပညာမြောက်စွာဖော်ကျူးထားတဲ့ Single Player ဂိမ်းတွေကို တောင့်တနေကြဆဲ၊ လိုချင်နေကြဆဲ၊ တမြတ်တနိုးနဲ့ ဆော့ကစားချင်ကြဆဲဆိုတဲ့ သက်သေပါပဲ။ EA ရဲ့အဓိပ္ပါယ်အရှည်ဟာ တစ်ကမ္ဘာလုံးနဲ့ရင်ဘောင်တန်းနေတဲ့ ခေတ်သစ်စနစ်သစ်မှာ အတွေးသစ်အမြင်သစ်နဲ့ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်ကဖန်တီးမှု အီလက်ထရွန်းနစ်အနုပညာ Electronic Arts ဖြစ်ပေမယ့် တကယ်တမ်းလက်တွေ့မှာ artistic vision ဟာ လုံးဝကိုမှေးမှိန်ဝေဝါးပြီး ကွယ်ပျောက်လုနီးဖြစ်နေတဲ့အတွက် နာမည်နောက်က Arts ဆိုတဲ့ ဒုတိယစာလုံးကိုဖြုတ်ပြီး Business လို့ပဲ အစားထိုးလိုက်ရင် အပြောနဲ့အလုပ် ပိုမိုသင့်တော်သွားပါလိမ့်မယ် 💼

No comments:
Post a Comment