The Last of Us: Part 2 ဂိမ်းကိုအားလုံးမျှော်လင့်ချက်တစ်ကြီး စောင့်ဆိုင်းနေချိန်မှာပဲ လုံးဝကိုမထင်မှတ်ထားတဲ့သတင်းတစ်ခုကြောင့် ဂိမ်းလောကတစ်ခုလုံး အငိုက်မိခဲ့ပါတယ်။ အတွေးစိတ်ကူးယဉ်ဆန်လွန်းတယ်လို့ဆိုနိုင်တဲ့ အဲဒီသတင်းကတော့ မကြာတော့တဲ့အချိန်မှာ The Last of Us ဂိမ်းစီးရီးကို HBO TV Series ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ဖန်တီးတင်ဆက်ပေးသွားတော့မယ်ဆိုတဲ့ သတင်းကောင်းပါပဲ။ ဒီဆောင်းပါးကိုရေးသားချိန်မှာ အဲဒီသတင်းတတ်လာတာဟာ အချိန်မိနစ်လေးဆယ်ခန့်ပဲရှိပါသေးတယ်။ ၂၁ ရာစုဂိမ်းလောကတစ်ခုလုံးကို ရသစုံလင်စွာပြောင်းလဲပေးခဲ့တဲ့ Playstation 3 ခေတ်ရဲ့အဆုံးသတ်ကို The Last of Us ဂိမ်းနဲ့ ပြီးဆုံးခဲ့သလို အနာဂတ်မှာလာမယ့် Playstation 5 မျိုးဆက်သစ်ဂိမ်းလောကကိုလည်း The Last of Us: Part 2 နဲ့ စတင်ကြရမှာဖြစ်တယ်လို့ မှတ်ယူထားခဲ့ပေမယ့် The Last of Us စီးရီးရဲ့ နောက်ထပ်ပရောဂျက်ကြီးတစ်ခုဟာ ရုပ်ရှင်ရိုက်ကူးဖန်တီးမှုဖြစ်လာမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးတာ အမှန်ပါ 📽
ထုံးစံအတိုင်း The Last of Us ရဲ့ HBO TV Series ဇာတ်လမ်းတွဲကူးပြောင်းမှုမှာ ဇာတ်လမ်းရေးသားသူနဲ့ တာဝန်ခံပရိုဂျူဆာအဖြစ် Naughty Dog ရဲ့ Neil Druckmann က အဓိကဦးဆောင်သွားမှာဖြစ်ပြီး သူနဲ့အတူ နာမည်ကျော်လူကြိုက်များခဲ့တဲ့ HBO Series "Chernobly" နောက်ကွယ်ကဖန်တီးသူ Craig Mazin က ဒီပရောဂျက်မှာ ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Naughty Dog ရဲ့ဥက္ကဌ Evan Wells နဲ့ HBO က Carolyn Strauss တို့က ဒီရှိုးကို တာဝန်ယူထုတ်လုပ်သွားမယ့် ပရိုဂျူဆာတွေအဖြစ် အသီးသီးတာဝန်ယူသွားကြမယ်လို့လည်း သိရပါတယ်။ The Last of Us ရဲ့ HBO TV Series ကို Sony Pictures Television Studios က လိုအပ်တဲ့ကဏ္ဍကနေ ကူညီပံ့ပိုးသွားမှာဖြစ်ပြီး ဒါဟာ Playstation Productions ထဲမှာ ပထမဦးဆုံးရိုက်ကူး ပုံဖော်ထားတဲ့ တီဗီဇာတ်လမ်းတွဲဖြစ်ပါတယ် 🎞🎞
ကျန်တဲ့သတင်းအချက်အလက်တွေကိုတော့ အတိအကျမသိရသေးပေမယ့် The Last of Us: Part 2 ရဲ့ အခုလာမယ့်ဇာတ်ကြောင်းကို အခြေယူပြီး ဒီ HBO TV Series ကိုဖန်တီးသွားမယ်လို့ သိရပါတယ်။ ဂိမ်းထဲမှာ တစ်ခန်းပြီးတစ်ခန်းကို ရာသီအလိုက်ဖြတ်သန်းရသလို ရုပ်ရှင်စီးရီးအနေနဲ့လည်း season တစ်ခုနဲ့တစ်ခုအရ ဇာတ်ကြောင်းကိုဆက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီပရောဂျက်နဲ့ပတ်သက်ပြီး Sony Pictures Television Studios ရဲ့ Chris Parnell က "ဒါဟာ Playstation Productions ထဲမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အသက်သွင်းဖန်တီးဖို့ စီစဉ်ထားတဲ့ ရှိုးတွေထဲကတစ်ခုဗျ" လို့ပြောခဲ့ပါတယ်၊ ဒါဟာ နာမည်ကျော်ပြီးဖြစ်တဲ့ Playstation Exclusive ဂိမ်းတွေရဲ့ ရုပ်ရှင်လောကနဲ့ တီဗီဖန်သားပြင်ပေါ်ရောက်ရှိဖို့ စတင်လှမ်းလိုက်တဲ့ ပထမဆုံးခြေလှမ်းလို့ ယူဆရမှာပါ။ ကဲ ဒီလောက်ဆိုရင် တီထွင်ကြံဆမှုမြင့်မားပြီး ရသစုံလင်လွန်းတဲ့ The Last of Us ဂိမ်းအနေနဲ့ HBO တီဗီစီးရီးအဖြစ် ဘယ်လိုနည်းဘယ်လိုဟန် ပရိသတ်တွေဆီရောက်လာဦးမလဲဆိုတာ အခုအချိန်ကစပြီးစောင့်ကြည့်ကြတာပေါ့ဗျာ 💜💡

Yan
No comments:
Post a Comment