Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, April 29, 2020

The Last of Us 2 ဂိမ်းရဲ့ဇာတ်ကြောင်းကိုပေါက်ကြားစေခဲ့တဲ့ Leaked ဂိမ်းဗီဒီယိုဟာ Naughty Dog နဲ့ ပတ်သက်ပြီး ဂိမ်းလောကတစ်ခုလုံးကို ဘာပြောနေသလဲ? 🤦‍♂️👩‍❤️‍💋‍👩👎


အားလုံးကိုစိတ်မကောင်းချင်းများစွာနဲ့ သတင်းတစ်ခုပြောချင်ပါတယ်။ ကိစ္စအရပ်ရပ်ကို ဒီလိုမျိုးဖြစ်လာမယ်လို့ မမျှော်မှန်းထားခဲ့ပေမယ့် ဒါဟာအားလုံးသိသင့်တဲ့အရာဖြစ်တာကြောင့် အခုအချိန်မှာဒီစာစောင်ကိုရေးသားရခြင်းဖြစ်ပါတယ်။ Naughty Dog ရဲ့ The Last of Us 2 ဂိမ်းဟာ အခုပဲဖျက်သိမ်းခံရတော့မလို၊ မကြာခင်ပဲထွက်လာမလိုနဲ့ ဆန့်တငင်ငင်ဖြစ်နေခဲ့တာ အခုဆိုရင်အချိန်အတိုင်းအတာတစ်ခုရှိပါပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်ရက်ကပဲ ဂိမ်းလောကကမျှော်လင့်တစ်ကြီးစောင့်မျှော်နေတဲ့ The Last of Us 2 ဂိမ်းရဲ့ နောက်ဆုံးရသတင်းကို ထပ်မံသိရှိခဲ့ရပါတယ်။ အဲဒါကတော့ The Last of Us 2 ဂိမ်းဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ ဂျွန်လ ၁၈ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်တယ်ဆိုတဲ့ Sony ရဲ့ တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။ အရင်အခေါက်တွေကလို ထွက်ရှိမယ့်ရက်စွဲကိုသတ်မှတ်လိုက်၊ ဂိမ်းကပြီးပြည့်စုံတဲ့အနေအထားကိုမရောက်သေးတဲ့အတွက် ရက်ပြန်ရွေ့ရလိုက်ဖြစ်တာမျိုးတွေ ဒီတစ်ခေါက်မှာတော့ လုံးဝမဖြစ်လောက်တော့ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ The Last of Us 2 ရဲ့ဇာတ်ကြောင်းနဲ့ အဆုံးသတ်ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲဆိုတာကိုဖော်ပြထားတဲ့ ဂိမ်းဗီဒီယိုတစ်ခု Leak ဖြစ်ခဲ့လို့ပါပဲ 🔓

တကယ့်ကိုရင်ထဲထိစေမယ့် စိတ်ပျက်စရာတွေကို မသိချင်သေးဘူးဆိုရင် အခုဒီစာစောင်ကိုဆက်မဖတ်ဘဲ နောက်ပြန်ဆုတ်ဖို့ကြိုတင်အသိပေးအပ်ပါတယ်။ The Last of Us 2 ဟာ အားလုံးမျှော်လင့်ထားသလို ဂိမ်းလောကတစ်ခုလုံးတွေ့ကြုံခံစားရစေဖို့ သန့်စင်တဲ့ရည်ရွယ်ချက်ဖန်တီးထားတဲ့ အနုပညာလက်ရာမြောက်ဂိမ်းတစ်ခုမဟုတ်တော့ပါဘူး။ ကျွန်တော်တို့နှစ်နဲ့ချီစောင့်ဆိုင်းခဲ့ရတဲ့ The Last of Us 2 ဟာ Naughty Dog စတူဒီယိုရဲ့ဆိုရှယ်သဘောထား၊ အယူအဆနဲ့ သူတို့မြှောက်စားချင်တဲ့ agenda ပေါင်းမြောက်မြားစွာကို ဂိမ်းလောကတစ်ခွင်စိမ့်ဝင်ပြန့်နှံ့သွားအောင် ထည့်သွင်းဖန်တီးထားတဲ့ အသုံးချခံဂိမ်းတစ်ခုအနေအထားဖြစ်နေပါပြီ။ ဆရာပေါ်ဦးသက်ပြောခဲ့တဲ့ "တစ်စုံတစ်ခုသော အကျိူးမျှော်ပြီး အနုပညာကို မဖန်တီးအပ်ဘူး။ တကယ်လို့ဖန်တီးခဲ့သည်ရှိသော် စစ်မှန်သော အနုပညာရဲ့သဘောတရားမှ အပသာလျှင် ဖြစ်ပေလိမ့်မယ်" ဆိုတဲ့စကားကို လွန်စွာမှအမှတ်ရမိပါတယ်။ အဲဒီသဘောတရားဟာ အနုပညာနယ်ပယ်မှသာမဟုတ် အခြားဘယ်လိုသောဖန်တီးမှုလုပ်ရပ်မျိုးမှာမဆို ရာနှုန်းပြည့်အဓိပ္ပါယ်သက်ရောက်မှုရှိလို့ပါပဲ။ ကျွန်တော်တို့တစ်တွေဟာ တစ်စုံတစ်ခုကိုဖန်တီးပြီဆိုရင် ဒီယုန်မြင်လို့ ဒီချုံထွင်တယ်ဆိုတဲ့ မျှော်မှန်းချက်တစ်စွန်းတစ်စမှ မရှိရပဲ သန့်စင်တဲ့ရည်ရွယ်ချက်နဲ့ အဲဒီတစ်စုံတစ်ရာကိုဖန်တီးမှသာလျှင် ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်နဲ့ အတွေးလုပ်ရပ်ကဖြစ်တည်တဲ့ ဖန်တီးမှုမှန်သမျှဟာ လေးကလွှတ်လိုက်တဲ့မြှားတစ်စင်းလို အရှိန်အဟုန်ကောင်းစွာ လေဟုန်ကိုထိုးခွင်းနိုင်မှာဖြစ်ပါတယ် 🏹🎯

ဖန်တီးမှုရသမြောက်လွန်းတဲ့အပြင် အနုပညာသက်ဝင်လွန်းတဲ့ The Last of Us ပထမဂိမ်းကို အသည်းခိုက်အောင်ကြိုက်တဲ့ ကျွန်တော့်အတွက်တော့ The Last of Us 2 နဲ့ပတ်သက်ပြီး Naughty Dog ရဲ့အခုလုပ်ပုံတွေဟာ တကယ့်ကိုအော့နှလုံးနာချင်စရာဖြစ်လို့နေပါတယ်။ အပွင့်လင်းဆုံးပဲပြောပါမယ်၊ ဒါဟာဇာတ်လမ်းတစ်ခုလုံးကိုချုံငုံသိသွားစေမယ့် Spoiler ဖြစ်ပါတယ်။ The Last of Us 2 မှာ Joel ဟာ ဂေါက်ရိုက်တံနဲ့ ရိုက်ခံရပြီးသေဆုံးမယ့်အပြင် လိင်ပြောင်းထားတဲ့ transgender ဖြစ်သူ Abby နေရာကနေ ကျွန်တော်တို့ဟာ ဝင်ရောက်ဆော့ကစားပြီး ဂိမ်းရဲ့နောက်ထပ်အဓိကဇာတ်ဆောင်ဖြစ်တဲ့ Ellie ကိုပါ လိုက်လံရှာဖွေသတ်ဖြတ်ရမှာပါ။ Abby ဟာ The Last of Us ပထမဂိမ်းမှာ Joel သတ်ဖြတ်လိုက်တဲ့ Fireflies က ဆရာဝန်တစ်ယောက်ရဲ့မျိုးဆက်ဖြစ်ပြီး Joel နဲ့ Ellie ကိုလက်စားပြန်ချေမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမ The Last of Us ဂိမ်းရဲ့ Left Behind မှာထည့်သွင်းထားတဲ့ Ellie နဲ့ Riley ရဲ့ မိန်းမသားချင်းချစ်နှစ်သက်ခြင်း (မလိင်တူအချစ်စိတ်ဖြစ်ပွားခြင်း) ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ယုတ္တိတန်သလို လက်သင့်ခွံနိုင်စရာအပြည့်အဝရှိပြီး ကဗျာတောင်ဆန်နေပါသေးတယ်။ Ellie ဟာ အဲဒီလိုမျိုးကွဲပြားခြားနားတဲ့မိန်းမသားဖြစ်တဲ့အတွက် ပိုလို့တောင် ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ သဘောကျခဲ့ရတာ အမှန်ပင်ဖြစ်ပါတယ်၊ လူတစ်ဦးမှာ အဖို၊ အဖဓာတ်ဟာ ဒွန်တွဲရှိနေတတ်တဲ့အတွက် အခုလိုကြမ်းတမ်းခက်ထန်လွန်းတဲ့ လောကအလယ်မှာဖြတ်သန်းခဲ့ရတဲ့ မိန်းမကြမ်းလေး Ellie ကိုလည်း အဖိုဓာတ်ပိုလွှမ်းမိုးအားကောင်းတဲ့ မိန်းမသားတစ်ဦးဖြစ်တယ်လို့ ကျွန်တော်ကိုယ်တိုင်တောင် သတ်မှတ်ထားပေးခဲ့တာပါ။ Left Behind ကိုဆော့ပြီးချိန်မှာ Naughty Dog အနေနဲ့ လိင်တူချင်းချစ်တင်းနှီးနှောတာကို အားပေးထောက်ခံတဲ့ဝါဒနဲ့ လုပ်ငန်းစဉ် agenda ကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ ထည့်သွင်းထားတယ်လို့ စိတ်အတွေးဝင်မိပေမယ့် အကောင်းမြင်ပြီးတော့ကို အဲဒီလိုမယူဆပေးခဲ့ပါဘူး။ Naughty Dog ဟာ Left Behind မှာ အဲဒီ agenda ကို အစပျိုးလာခဲ့ပြီး The Last of Us 2 ရောက်တဲ့အခါမှာ စီမံကိန်းကို ရာနှုန်းပြည့်အကောင်အထည်ဖော်ထားတာလို့ မှတ်ယူရတော့မှာဖြစ်ပါတယ် 🧩



လူအချင်းချင်းတန်းတူညီမျှမှုရှိစေရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ လစ်ဘရယ်အနောက်နိုင်ငံများရဲ့ အဓိပ္ပါယ်မဲ့လွန်းတဲ့ဝါဒပေါင်းများစွာနဲ့ တောက်လျှောက်တိုးချဲ့နေတဲ့ လုပ်ငန်းစဉ်စီမံကိန်းတွေကို ကျွန်တော်တို့နားလည်သဘောပေါက်ပါတယ်။ ဆက်ပြောရင် အနောက်တိုင်းရဲ့ဝါဒဖြန့်ကျက်မှုတွေနဲ့ ဒီမိုကရေစီကိုဗန်းပြပြီး သူတို့မြှောက်စားရာ agenda ကို ကိုယ့်လည်မျိုထဲထိလာသွင်းတဲ့ကိစ္စတွေ၊ နိုင်ငံရေးနဲ့ ဆိုရှယ်အယူအဆတွေကို ဖြည့်စွက်ရမှာဖြစ်တဲ့အတွက် ဒီကိစ္စကိုတော့ ဒီမှာတင်စကားဖြတ်ရပါလိမ့်မယ်၊ ဘယ်လိုအခြေအနေထိရောက်ရောက် Naughty Dog ကတော့ ဒီလိုအချိုးမျိုးချိုးလိမ့်မယ်ဆိုတာကို ကျွန်တော်ယောင်လို့တောင် မတွေးထားမိပါဘူး။ ဂိမ်းတစ်ခုကိုဖန်တီးတယ်ဆိုတာဟာ ဂိမ်းဆော့ကစားသူတွေကို အရှင်းလင်းဆုံး၊ အပြောင်မြောက်ဆုံးနည်းနဲ့ စိတ်ခံစားမှုရသအစုံခံစားရအောင် ရည်ရွယ်ချက်သန့်သန့်နဲ့ ဖန်တီးရေးဆွဲတာမျိုးပဲဖြစ်သင့်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Ellie ဟာ မိန်းမသားချင်းလိင်တူစိတ်ဝင်စားတဲ့ Lesbian ဖြစ်တာမျိုးတွေ၊ ဇာတ်ကြောင်းတစ်လျှောက်မှာအရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်လာမယ့် Ellie နဲ့ Dina က လိင်တူချစ်သူဖြစ်တာတွေ၊ Dina က အဖိုရော၊ အမရောကိုပါ စိတ်ဝင်စားတဲ့ Bisexual ဖြစ်တာမျိုးတွေ၊ Joel နဲ့ Ellie နဲ့ကိုလက်စားလိုက်ချေမယ့် Abby က လိင်ြပောင်းထားတဲ့ Transgender ဖြစ်နေတာမျိုးတွေဟာ Naughty Dog အနေနဲ့ The Last of Us 2 ဂိမ်းကိုနှစ်ပေါင်းများစွာစောင့်ဆိုင်းနေရတဲ့ ကျွန်တော်တို့ပရိသတ်တွေရဲ့ မျက်နှာစေ့စေ့ကြည့်ပြီး စော်ကားလိုက်သလိုပါပဲ 😤


SJW တွေရဲ့ဖိအားပေးမှုတွေကြားမှာ ဂိမ်းကောင်းတစ်ခုရဲ့လှပတဲ့အနာဂတ်ကို ပျက်စီးစေခဲ့ပါပြီ၊ The Last of Us ဂိမ်းကိုဖန်တီးရေးဆွဲခဲ့တဲ့ Naughty Dog စတူဒီယိုကို လေးစားတဲ့စိတ်၊ အားပေးတဲ့စိတ်တွေဟာ ဒီတစ်ခေါက်မှာတော့ ပေက်ချင်းမလှပေါက်ရှသွားခဲ့ပါပြီ။ အားလုံးလည်း ဒီစာစောင်ကိုဖတ်ပြီး ဒေါ်လာ ၆၀ အဆုံးခံဖို့မလိုတော့သလို The Last of Us 2 ဝယ်မယ့်ပိုက်ဆံကို Cyberpunk 2077 လို၊ Ghost of Tsushima လို အခြားဂိမ်းတစ်ခုခုဝယ်ယူဆော့ကစားဖို့ အသုံးချသွားတယ်ဆိုရင်ဖြင့် ကျွန်တော်ဒီစာစောင်ကိုရေးရကျိုးနပ်ပါပြီ။ ဒီကိစ္စရပ်ဟာ ဂိမ်းအကြောင်းလို့ဆိုလို့မရတော့တာကြောင့် ရှည်ရှည်ဝေးဝေးတော့ ရေးမနေတော့ပါဘူး၊ ဒီလောက်ဆိုရင် စာဖတ်သူတွေလည်း အနည်းနဲ့အများ ဒီကိစ္စရဲ့ကြီးမားမှုကို မြင်လောက်ပြီလို့ ယူဆပါတယ်။ ဆောင်းပါးတွေကိုတော့ ပေ့ချ်မှာ ပုံမှန်အတိုင်း တင်ဆက်ပေးဖို့ရည်ရွယ်ထားပါတယ်။ အခုလိုမျိုးနိုင်ငံရေး၊ လူမျိုးရေး၊ ဝါဒပိုင်းဆိုင်ရာကဏ္ဍတွေကနေ ဂိမ်းချစ်သူပရိသတ်တွေရဲ့ အတွေးအမြင်ကိုတိမ်းစောင်းပြောင်းလဲစေမယ့် ကိစ္စရပ်မျိုးဖြစ်လာတယ်ဆိုရင်တော့ ဂိမ်းဂျာနယ်လစ်တစ်ယောက်ပီသစွာပဲ ကျွန်တော့်ဘက်ကလည်း ကိုယ်တတ်နိုင်ရာတဲ့နေရာကနေ ဖြစ်နေတဲ့အခြေအနေမှန်ကို အားလုံးသိစေဖို့ ဆောင်းပါးနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်ဖုံ ပြောပြပေးရမှာပါပဲ။ ဖတ်ရှုရင်းနဲ့ ဒီနေရာအထိတောင်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်လို့ ပြောရင်း ဒီစာစောင်ကို အဆုံးသတ်လိုက်ပါတယ်။ The Last of Us 2 ဟာ ကျွန်တော်တို့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့လည်း စိတ်မပူပါနဲ့၊ အခြားသောဂိမ်းကောင်းပေါင်းမြောက်မြားစွာဟာ အနာဂတ်မှာထွက်လာဦးမှာပါ 🌱🌳

Yan

No comments:

Post a Comment