Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, June 26, 2020

၂၀၂၀ နှစ်ကုန်ပိုင်းအားလပ်ရက်ရာသီမှာ အသီးသီးထွက်ရှိလာမယ့် Assassin's Creed: Vahalla နဲ့ Cyberpunk 2077 တို့ရဲ့အားပြိုင်မှုမှာ ဘယ်သူကပိုပြီးအားသာနေသလဲ? 💜💚



၂၀၂၀ ခုနှစ်မှာဂိမ်းလောကအတွက် ဂုဏ်ယူဖို့ကောင်းပြီး ရသစုံလင်ပြောင်မြောက်တဲ့ဂိမ်းတွေ အမြောက်အမြားထွက်လာခဲ့ကြသလို တစ်ကမ္ဘာလုံးကဂိမ်းချစ်သူတွေရဲ့အားပေးစောင့်မျှော်မှုတွေကို တစ်ခဲနက်ရရှိထားတဲ့ဂိမ်းတွေဟာဆိုရင်လည်း အားလုံးရဲ့လက်တကမ်းမှာ ထွက်ဖို့ကျန်ရှိနေပါသေးတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကစပြီး လစဉ်အသီးသီးထွက်ရှိခဲ့ကြတဲ့ Dragon Ball Z: Kakarot, Nioh 2, Ori and Will of the Wisps, Call of Duty: Warzone, Half-Life: Alyx Predator: Hunting Grounds, Final Fantasy Vll: Remake, Resident Evil 3: Remake အစရှိတဲ့ဂိမ်းတွေဟာ နယ်ပယ်အသီးသီးက ဂိမ်းချစ်သူတွေအကြိုက်တွေ့ပြီး သင့်တင့်မျှတတဲ့ဝေဖန်မှုတချို့နဲ့ နာမည်ကောင်းတွေအညွှန့်တလူလူ ဝေဆာခဲ့ကြတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ ဂိမ်းတစ်လောကလုံး ခုနှစ်တိုင်တိုင်စောင့်ဆိုင်းခဲ့ရတဲ့ The Last of Us: Part 2 ဂိမ်းဟာလည်း အားလုံးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလို့လာခဲ့ပြန်ပါတယ်။ သို့ပေမယ့် ထွက်ရှိလာပြီးချင်းချင်းပဲ ဂိမ်းရဲ့ဇာတ်ကြောင်းဇာတ်အိမ်ယုတ္တိမတန်မှု၊ လူစိတ်မဝင်စားတဲ့ဇာတ်ကောင်သစ်တွေကို ဂိမ်းရဲ့အရေးကြီးအခန်းကဏ္ဍတွေမှာ ထည့်သွင်းထားမှု၊ လူမဆန်ယုတ်ညံ့တဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အနောက်တိုင်းနိုင်ငံများရဲ့ဝါဒလမ်းစဉ်ပြဌာန်းထားမှုတွေပါဝင်နေတာကြောင့် ဂိမ်းမီဒီယာကြီးတွေရဲ့ ချီးမြှောက်ဖုံးဖိမှုမြောက်မြားစွာကြားကနေ The Last of Us: Part 2 သတင်းများဟာ အနံ့တလှိုင်လှိုင်သင်းလို့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ရပါတယ်။ ဖြစ်ခဲ့တာတွေကတော့ နလန်မထူခေါင်းမဖော်နိုင်လောက်အောင်ကို ဖြစ်ပျက်ခဲ့ပြီးပါပြီ၊ အဲဒီတော့ ကျွန်တော်တို့ဂိမ်မာတွေအနေနဲ့ အဲဒီအချင်းအရာတွေဆီက သင်ခန်းစာနဲ့ အမှားတွေကိုပြန်လည်ရှာဖွေပြီး ရှေ့ကိုဆက်လက်လျှောက်လှမ်းရမှာဖြစ်တာကြောင့် လာမယ့် ၂၀၂၀ ခုနှစ်ရဲ့နောက်ထပ်နှစ်ဝက်မှာ ဘယ်လိုမျိုးဂိမ်းတွေထွက်ဖို့ကျန်ရှိနေသလဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ကြစို့လားဗျာ ✍️⬇️



လက်ရှိအချိန်ကာလမှာ ဂိမ်းလောကတစ်ခွင်လူပြောအများဆုံးနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အုံ့လိုက်ကျင်းလိုက် ရရှိနေတာကတော့ CD Projekt Red ရဲ့ Cyberpunk 2077 နဲ့ Ubisoft ရဲ့ Assassin's Creed: Vahalla ဂိမ်းနှစ်ခုပဲ ဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ CD Projekt Red နဲ့ Ubisoft ဂိမ်းကုမ္ပဏီနှစ်ခုက ဥရောပတိုက်ရဲ့နာမည်ကျော်ဂိမ်းရေးဆွဲဖန်တီးဖြန့်ချိသူများဖြစ်ကြပြီး လတ်တလောကပဲ ပြိုင်ဆိုင်မှုအချို့ဖြစ်ထားခဲ့တာပါ၊ အဲဒါကဘာလဲဆိုတော့ Witcher ဇာတ်လမ်း Netflix စီးရီးရဲ့ ပြန့်နှံ့အားကောင်းတဲ့အရှိန်အဟုန်ကြောင့် ပိုလန်အခြေစိုက်ဂိမ်းကုမ္ပဏီ CD Projekt Red ရဲ့ The Witcher 3: Wild Hunt ဂိမ်းဟာ ဟိုးလေးတစ်ကျော်ရောင်းအားတတ်သွားခဲ့ပြီး ဥရောပတိုက်ရဲ့ပထမနေရာက တန်ဖိုးအမြင့်ဆုံးဂိမ်းကုမ္ပဏီအဖြစ် Ubisoft ကို ကျော်လွန်သွားခဲ့တာပါပဲ။ ဥရောပတိုက်ရဲ့တန်ဖိုးအမြင့်ဆုံးဂိမ်းကုမ္ပဏီဂုဏ်ပုဒ်ကို ဆယ်စုနှစ်တစ်ခုလောက် ဆွတ်ခူးထားနိုင်ခဲ့တဲ့ ပြင်သစ်အခြေစိုက်ဂိမ်းကုမ္ပဏီ Ubisoft အနေနဲ့ သတိမမူခဲ့စဉ်မှာ လက်မတင်လေးနောက်ကျကျန်ခဲ့တဲ့အတွက် ဖန်တီးမှုလက်ရာပြောင်မြောက်လွန်းလှတဲ့ အမိုက်စားဂိမ်းတွေကိုချပြပြီး CD Projekt Red ကိုပြန်လည်တုံ့ပြန်လာမယ်လို့ ဂိမ်းဂျာနယ်လစ်တွေနဲ့ ဂိမ်းလောကသုံးသပ်သူများက မျှော်လင့်ထားကြပါတယ်။ တကယ်တမ်း အားလုံးထင်သလိုလည်း အခြေအနေဖန်လာခဲ့ဟန်ရှိနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ Ubisoft ဘက်က ဧပြီလ ၃၀ ရက်နေ့မှာ အားလုံးပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ ပရိသတ်အကြိုက် Assassin's Creed: Vahalla ထွေလာကို ဆိုင်းမဆင့်ဘုံမဆင့် ချပြခဲ့လို့ပါပဲ။ သတင်းအချက်အလက်ပေါက်ကြားမှုအချို့နဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက Assassin's Creed ဂိမ်းသစ်ရဲ့ကောလဟာလတွေဟာ ဂိမ်းမီဒီယာတစ်ခွင်မှာ လှည့်လည်နေခဲ့တာ အခုဆိုရင်တော့ Viking ခေတ်မှာဇာတ်အိမ်တည်ထားပြီး အင်္ဂလိပ်ဘုရင့်စစ်တပ်နဲ့ ရင်ဆိုင်မယ့် Assassin's Creed: Vahalla ဂိမ်းဟာ တကယ်အကောင်အထည်ပေါ်လာခဲ့ပါပြီ 🌌🌙



CD Projekt Red ဘက်ကို တစ်ချက်ပြန်ကြည့်မယ်ဆိုရင် Cyberpunk 2077 ဂိမ်းဟာ ၂၀၁၃ ခုနှစ်ကတည်းက ဂိမ်းလောကတစ်ခုလုံးကို ထွေလာနဲ့ အရိပ်အမြွက်ပြအမြည်းကျွေးထားခဲ့တာ အခုဆိုရင် ၇ နှစ်တိုင်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ E3 ပွဲတိုင်းမှာ Cyberpunk 2077 ရဲ့ပုံရိပ်တွေကို ပုံမှန်တွေ့မြင်နေရာကနေ နောက်ဆုံးတော့ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ကို ဂိမ်းထွက်ရှိမယ့်ရက်စွဲလို့ တရားဝင်ကြေညာပေးခဲ့ပါတယ်၊ အဲဒီလိုနဲ့ ကြားကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိမယ့်ရက်ကို ဧပြီလကနေ စက်တင်ဘာလ ၁၇ ရက်အထိ နောက်ဆုတ်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဂိမ်းလောကတစ်ခွင်လုံး စက်တင်ဘာလအရောက်ကို စောင့်မျှော်နေရာကနေ CD Projekt Red ဘက်က ထုတ်ပြန်ချက်အသစ်တစ်ခုကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်၊ အဲဒါကတော့ ဂိမ်းပရိသတ်တွေမျှော်တလင့်လင့်နဲ့ လည်ပင်းဆန့်ပြီးစောင့်ဆိုင်းရမယ့်နေ့တွေက ပြီးဆုံးသွားခဲ့ပြီဆိုတဲ့ အဆုံးသတ်ထုတ်ပြန်ချက်ပါပဲ၊ ဘာလို့လည်းဆိုတော့ မူလဂိမ်းထွက်ရှိမယ့်ရက်စွဲဖြစ်တဲ့ စက်တင်ဘာလကို ထပ်မံနောက်ဆုတ်ရွေ့ဆိုင်းပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ Cyberpunk 2077 ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တရားဝင်ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့တာကြောင့်ပါပဲ။ အချိန်တစ်လလေးစောင့်လိုက်ရတာဟာ ဂိမ်မာတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလိုရက်ရွေ့လိုက်တာဟာ ၂၀၂၀ နှစ်ကုန်ပိုင်း၊ အားလပ်ရက်ရာသီမှာမှ ထွက်ရှိမယ့် Ubisoft ရဲ့ Assassin's Creed: Vahalla ဂိမ်းနဲ့ တကူးတက မျက်နှာချင်းဆိုင်လိုက်တဲ့ သဘောသက်ရောက်သွားပါတယ်။ Ubisoft ဘက်ကလည်း CD Projekt Red ရဲ့အခုရက်နောက်ဆုတ်မှုကို လုံးဝမှသဘောမကျပေမယ့်လို့ ကိုယ်ဖန်တီးထားတဲ့ဂိမ်းအပေါ်မှာ ယုံကြည်မှုရှိစွာနဲ့ ၂၀၂၀ နှစ်ကုန်၊ အချိန်ကာလတစ်ဝိုက်မှာပဲ သူတို့ရဲ့ Assassin's Creed: Vahalla ကို ထုတ်သွားမယ့် အနေအထားမှာရှိနေပါတယ် 🤜🤛



ဂိမ်မာများအနေနဲ့ ထွက်လာမယ့်ဂိမ်းနှစ်ခုလုံးရဲ့ သက်ဆိုင်တဲ့ဂိမ်းထွေလာတွေ၊ ဗီဒီယိုအပိုင်းအစတွေကို ကြည့်တန်သင့်သလောက် ကြည့်ပြီးသွားပြီလို့ ယူဆပါတယ်။ ဆိုတော့ကာ CD Projekt Red ရဲ့ Cyberpunk 2077 နဲ့ Ubisoft ရဲ့ Assassin's Creed: Vahalla မှာ ဘယ်သူကပိုပြီးအားသာနေသလဲဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်သာဆုံးဖြတ်ရမှာပါပဲ။ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် RPG နယ်ပယ်ချင်းတူပေမယ့် အမျိုးအစားရော၊ ဂိမ်းဇာတ်ကြောင်းတည်ဆောက်မှုအရပါ လုံးလုံးလျားလျားကွဲပြားနေတဲ့ Assassin's Creed: Vahalla နဲ့ Cyberpunk 2077 ဟာ ၂၀၂၀ ခုနှစ်ရဲ့ဂိမ်းလောကမျက်နှာစာမှာ လွန်စွာစိတ်ဝင်စားဖို့ကောင်းမယ့် လွန်ဆွဲပွဲမျိုးဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ အထက်ပါဂိမ်းနှစ်ခုစလုံးဟာ နာမည်ကျော်ဥရောပဂိမ်းကုမ္ပဏီနှစ်ခုရဲ့ နောက်ဆုံးဖန်တီးမှုလက်ရာသစ်တွေဖြစ်တဲ့အပြင် မျိုးဆက်သစ်ဂိမ်းလောကထဲထိ ခြေဆန့်သွားမယ့် ရသစုံအရည်အသွေးမြင့်ဂိမ်းတွေဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိလို့ပါပဲ။ အားပေးမယ့်ပရိသတ်တွေအနေနဲ့ကလည်း နှစ်ဦးနှစ်ဖက်စလုံးကို ညီတူညီမျှကြည့်ရှုစောင်မသွားမယ့် အလားအလာမှာရှိနေတာကိုလည်း ဝမ်းသာကြည်နူးဖွယ်တွေ့ရပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက အခုတစ်ခေါက် Ubisoft ဘက်ကတိုက်မယ့်စစ်သည်ဟာ Assassin's Creed: Vahalla တစ်ခုတည်းမဟုတ်ဘဲ Watch Dog: Legion လည်းပါဝင်တယ်ဆိုတာပါ။ ၂၀၂၀ မှာ ပွဲဦးထွက်လာမယ်လို့ ကြေညာထားခဲ့တဲ့ လူကြိုက်များပြီးသား Watch Dog ဂိမ်းအသစ်ဟာလည်း Ubisoft ကို ဒီစစ်မြေပြင်မှာ ရှေ့ရောက်အောင်တွန်းတင်နိုင်တဲ့ မျိုးဆက်သစ်ဂိမ်းတစ်ခုပါပဲ။



 Cyberpunk 2077 အနေနဲ့ကတော့ ၂၀၂၀ ခုနှစ်ရဲ့ နိုဝင်ဘာလ ၁၉ ရက်မှာ အရန်သင့်လေးထွက်ရှိလာမှာဆိုတဲ့အတွက် အတိအကျစောင့်မျှော်ရမယ့် ရက်စွဲကိုသိနေရတော့ တစ်ဖက်မှာရင်အေးရပါပြီ။ Assassin's Creed: Vahalla အနေနဲ့က ထွက်လာမယ့်ရက်ကို ထုတ်ပြန်ကြေညာမထားပေမယ့်လို့ ၂၀၂၀ အားလပ်ရက်ရာသီလို့ ဆိုထားတဲ့အတွက် ၂၀၂၀ နှစ်ကုန်ပိုင်းဝန်းကျင်လောက်ပဲ ထွက်နိုင်ချေရှိပါတယ်။ CD Projekt Red နဲ့ Ubisoft တို့ရဲ့ ၂၀၂၀ ခုနှစ်ထုတ်ဂိမ်းတွေကတော့ လက်ရှိဂိမ်းလောကမှာရော၊ မျိုးဆက်သစ်ဂိမ်းလောကအထိပါ အထူးတလည်ပေါက်မြောက်နိုင်မယ့် တစ်ကိုယ်တော်ဇာတ်လမ်းသွားဂိမ်းကောင်းများဖြစ်နိုင်ပါစေလို့ မျှော်လင့်ရင်း ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ချင်ပါတယ် (နှစ်ဖက်စလုံးကိုအားပေးနေပေမယ့် ကိုယ်ကိုယ်တိုင် ငယ်ငယ်လေးကတည်းက ဆော့ကစားရင်းကြီးပြင်းလာခဲ့ရတဲ့ Assassin's Creed စီးရီးဖက်ကိုတော့ ပိုပြီးယိမ်းချင်သလိုရှိနေပါတယ်)။ ဂိမ်းပရိသတ်စာဖတ်သူတွေကရော ဘယ်ဂိမ်းကိုပိုကြိုက်သလဲဆိုတာ ောအက်မှာဝင်ပြီး ပြောသွားကြပါဦး၊ ဆွေးနွေးကြတာပေါ့။ အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းအကြောင်းအရာတွေနဲ့အတူ မကြာခင်မှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။ ဖတ်ရှုသူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ် ✒️💻



Yan

No comments:

Post a Comment