Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Saturday, June 13, 2020

အထီးကျန်ဆန်တဲ့အမှောင်ထုက ရစ်ပတ်လွှမ်းခြုံထားတဲ့ရွာငယ်လေးနဲ့အတူ လျှို့ဝှက်တဲ့အမျိုးသမီးဇာတ်ကောင်သစ်ကိုပါ မိတ်ဆက်လာတဲ့ Resident Evil 8: Village 🏚🥀

 

မနေ့ကလေးတင်မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Resident Evil 8: Village ရဲ့ထုတ်ဖော်ပြသခြင်းထွေလာကို ပေ့ချ်မှာ ထွက်ထွက်ချင်းပဲ တင်ပေးခဲ့ပါတယ်။ ဒီထွေလာကိုမကြည့်ခင်ကတည်းက Resident Evil 8 ရဲ့ demo ကို စမ်းသပ်ဆော့ကစားကြတဲ့ Capcom အဖွဲ့သားများရဲ့ ပြောစကားတွေကို ကြားသိထားခဲ့တဲ့အတွက် ဂိမ်းထဲမှာဘာတွေပါလာမလဲဆိုတာ အကြမ်းဖျင်းတော့ခန့်မှန်းလို့ရခဲ့ပါတယ်။ ဒါကြောင့်မို့ပဲ အဲဒီကသိရတဲ့သတင်းအချက်အလက်တွေကို စုစည်းပြီး Resident Evil 8: Village ဆိုတဲ့ဆောင်းပါးကို ပေ့ချ်မှာ လွန်ခဲ့တဲ့တစ်လလောက်က ရေးသားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုချိန် ဒီဆောင်းပါးကိုဖတ်နေပုံထောက်ရင်တော့ ထွေလာကို ကြည့်ပြီးသွားပြီလို့ ယူဆတဲ့အတွက် Resident Evil 8 ရဲ့ဂိမ်းအကြောင်းကို နောက်ထပ်တစ်ဆင့်ထပ်သွားပြီး ဆွေးနွေးလိုက်ကြစို့လားဗျာ။ ဂိမ်းထွေလာမထွက်ရှိလာခင်ကတည်းက ပေါက်ကြားခဲ့တဲ့သတင်းများဖြစ်ကြတဲ့ နှင်းတွေဖုံးနေတဲ့ရွာငယ်လေးနဲ့ အထီးကျန်ဆန်တဲ့ဂိမ်းလောကတည်ဆောက်မှု၊ မြေခွေးဆန်ဆန်သတ္တဝါရန်သူတွေနဲ့ ဘာသာရေးဂိုဏ်းဆန်ဆန် သဘာဝဖြစ်ရပ်ဆန်းတွေနဲ့ ဆက်နွယ်နေတဲ့ နောက်ခံဇာတ်ကြောင်းတွေ ဒါတွေအားလုံးဟာ ထွေလာမှာပြသခဲ့တဲ့ပုံအရဆိုရင် အားလုံးတိုက်ရိုက်မှန်ကန်နေကြပါတယ်။ ဒါ့အပြင် ဇီဝအကြမ်းဖက်တိုက်ဖျက်ရေးနဲ့ လုံခြုံရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ B.S.A.A အေးဂျင့် Chris Redfield ဟာလည်း Resident Evil 8 မှာ ဗီလိန်ဆန်တဲ့ဇာတ်ကောင်အဖြစ် ရှိနေတယ်ဆိုတာဟာလည်း လတ်တလောတွေ့မြင်ရသလောက်ကတော့ မှန်ကန်မှုရှိနေဆဲဖြစ်ပါတယ်။ ဆိုတော့ကာ Resident Evil စီးရီးပရိသတ်တွေရော၊ ဂိမ်းချစ်သူတွေအနေနဲ့ Resident Evil 8: Village နဲ့ပတ်သက်ပြီး သိသင့်တာ ဘာတွေကျန်ရှိနေသေးလဲ? 🕵️‍♀️



Resident Evil 8: Village နဲ့ပတ်သက်ပြီး နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုက ဒီဂိမ်းမှာ အရင် RE ဂိမ်းများနဲ့ကွဲပြားခြားနားစွာပဲ သဘာဝလွန်ဖြစ်ရပ်ဆန်းများနဲ့ တစ္ဆေသရဲဆန်တဲ့ခံစားချက်အငွေ့အသက်ကို ပေးစွမ်းလို့နေတာပါပဲ။ သေချာပြန်ပြီးစဉ်းစားကြည့်လိုက်မယ်ဆိုရင် Resident Evil စီးရီးတစ်လျှောက်လုံးရဲ့ ထွက်ခဲ့သမျှဂိမ်းတွေကို အလွန့်အလွန်ဆုံး သိပ္ပံဆန်တဲ့ Sci-fi/Survival Horror ဂိမ်းအမျိုးအစားအဖြစ်သာ ခေါင်းစဉ်တပ်လို့ရရင်ရမယ်၊ သဘာဝလွန်ဆန်းကြယ်တဲ့ Supernatural Survival Horror လို့ ခေါင်းစဉ်တပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Resident Evil ဂိမ်းများရဲ့ နဂိုရှိရင်းစွဲဂိမ်းတည်ဆောက်မှုပုံစံကိုက သိပ္ပံနည်းကျဖော်စပ်ထားတဲ့ဗိုင်းရပ်စ်တွေ၊ ဇီဝအကြမ်းဖက်သန္ဓေပြောင်းသတ္တဝါတွေနဲ့ စမ်းသပ်ချက်မှားယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့နောက်ဆက်တွဲပြဿနာတွေကြားမှာ အုတ်မြစ်တည်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် Resident Evil 8: Village မှာတော့ အရင်ဂိမ်းတွေထဲကကွဲထွက်ပြီး ထူးကဲနေတဲ့အရည်အသွေးတွေကို အထင်းသားတွေ့မြင်ရပါတယ်။ လူသူကင်းမဲ့ပြီး အထီးကျန်ခြောက်ကပ်တဲ့ရွာငယ်လေးရဲ့အသွင်အပြင်ဟာ တကယ်တမ်းမှာ အနောက်တိုင်းရိုးရာတစ္ဆေပုံပြင်များရဲ့ ဇာတ်အိမ်တည်ရာဇာတိနေရပ်လို့တောင် ထင်မှတ်မိပါတယ်။ ဒဏ္ဍာရီဆန်ဆန်ရှေးဟောင်းပုံပြင်များထဲက ကျောချမ်းဖွယ်ရာအကြောင်းအရာများဖြစ်ကြတဲ့ ခိုက်ခိုက်တုန်အောင်ချမ်းအေးတဲ့မြူနှင်းတွေ၊ နှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်တဲ့ ရဲတိုက်ဟောင်းကြီး၊ ရွာသူရွာသားတွေကို အောက်လမ်းအတတ်ပညာနဲ့ တိတ်တဆိတ်ပြုစားနေတဲ့ မှော်စုန်းမတွေနဲ့ တစ်စုံတစ်ယောက်ကို လူ့လောကထဲပြန်လည်ဆင့်ခေါ်ဖို့ ပြုလုပ်နေတဲ့အစီအရင်တွေ အစရှိတဲ့ လျှို့ဝှက်ဆန်းကြယ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေအားလုံးဟာ ဒီဂိမ်းထဲမှာပါဝင်လို့နေပါတယ် 🌫



Resident Evil 8: Village နဲ့ပတ်သက်တဲ့ ယေဘုယျဂိမ်းတွင်းအကြောင်းအရာတွေကို ဒီလောက်ဆိုရင် ထင်သာမြင်သာရှိလောက်ပြီလို့ ယူဆမိပါတယ်။ ပရိသတ်တွေမသိကြသေးတဲ့ နောက်ထပ်မှတ်သားဖွယ်အချက်တစ်ချက်ကတော့ Resident Evil 8 မှာ ဟိုးအရင်ဘယ်တုန်းကမှ စီးရီးတစ်လျှောက်မှာမပါဝင်ဖူးခဲ့တဲ့ အမျိုးသမီးဇာတ်ကောင်သစ်တစ်ယောက်ကို ဂိမ်းဇာတ်လမ်းထဲမှာ ဆော့ကစားနိုင်မယ့်ဇာတ်ကောင်အဖြစ် ထည့်သွင်းထားတယ်ဆိုတာပါပဲ။ အဲဒီအမျိုးသမီးဇာတ်ကောင်ဟာ မြူနှင်းတွေဖုံးအုပ်လို့နေတဲ့ တောင်တန်းတွေကြားမှာတည်ထားတဲ့ ရွာငယ်လေးအတွင်းက ရွာသူတစ်ဦးဖြစ်ပြီး ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ သူမရဲ့ဖခင်ကို လိုက်လံရှာဖွေနေတာပဲဖြစ်ပါတယ်၊ အဲဒီမိန်းမပျိုလေးရဲ့နာမည်ကတော့ Emily ဖြစ်ပြီး သူမဟာ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်သာရှိပါသေးတယ်။ တဖြည်းဖြည်းဂိမ်းဇာတ်ကြောင်းရှေ့ဆက်လာတာနဲ့အမျှ Emily ဟာ Resident Evil 8 မှာ ပြန်လည်ပါဝင်လာမယ့် Ethan နဲ့ တွေ့ဆုံပြီး ဇာတ်လမ်းတစ်လျှောက်မှာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့နေရာတွေမှာ ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Emily ဟာ Resident Evil 8 မှာ ကိုယ်ကိုယ်တိုင် ဝင်ရောက်ဆော့ကစားရမယ့် ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး သူမနေရာမှာ ဘယ်လိုမျိုးဂိမ်းအခန်းတွေကို ဖြတ်သန်းရမှာလဲဆိုတာကတော့ တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။ လောလောဆယ်အထိ Chris ရဲ့အခန်းကဏ္ဍကတော့ ထွေလာမှာ ပြသခဲ့တဲ့သလောက်ပဲ သိရှိရသေးပြီး ဒီကြားကာလမှာ ထပ်မံသိရှိရသမျှကို အခုလိုဆောင်းပါးတွေနဲ့ တင်ဆက်ဖော်ပြသွားပေးဦးမှာပါ 📰✍️



Reveal ထွေလာကြည့်ပြီးသွားသူများအနေနဲ့ ဒီဆောင်းပါးကို ထပ်မံဖတ်ရှုပြီး Resident Evil 8: Village ရဲ့ဇာတ်ကြောင်းတည်ရာလောကနဲ့ ဂိမ်းပတ်ဝန်းကျင်တစ်ခုလုံးကို ပိုမိုသိရှိသွားစေဖို့ ရည်ရွယ်ပါတယ်။ ဆိုတော့ကာ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာမယ့် Resident Evil 8: Village မှာ Chris Redfield, Ethan Winter နဲ့ Emily တို့ ဇာတ်ကောင်သုံးယောက်ဟာ ဂိမ်းဇာတ်ကြောင်းတစ်လျှောက် ဘယ်လိုမျိုးအရေးကြီးတဲ့ဇာတ်ကွက်တွေမှာ ပါဝင်သွားမှာလဲ? သူတို့သုံးယောက်ရဲ့ချိတ်ဆက်မှုနဲ့ ဂိမ်းရဲ့အဓိကရန်သူကရော ဘယ်သူလဲ? နောက်ထပ်ထွက်ရှိဦးမယ့် အချက်အလက်တွေကနေရော ဘာတွေကိုထပ်မံသိရှိနိုင်မှာလဲ? အစရှိသဖြင့် Capcom က တရားဝင်ထုတ်ပြောသွားမယ့် သတင်းတွေကို စောင့်စားရင်း ၂၀၂၁ ခုနှစ်အထိ စိတ်ရှည်ရှည်စောင့်လိုက်ကြစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ဖတ်ရှုလာရင်း ဒီနေရာအထိရောက်ရှိလာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်လာမယ့် အခုလိုမျိုးစိတ်ဝင်စားစရာဂိမ်းအကြောင်းအရာတွေနဲ့အတူ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။ အားလုံးပဲ သာယာတဲ့နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🖤🌥



Yan

No comments:

Post a Comment