
Devil May Cry စီးရီးရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ စာရေးသူအတွက်တော့ ဒါဟာ ပြန်လည်ရေးသားတင်ပြရမယ့် သတင်းဆောင်းပါးတစ်ခုပါပဲ။ ယမန်နှစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ Devil May Cry 5 ဟာ အချိန်နဲ့အမျှပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ မျိုးဆက်သစ်ဂိမ်းများနဲ့ ရင်ဘောင်တန်းနိုင်ခဲ့ရုံသာမက ရိုးရှင်းတဲ့ တစ်ကိုယ်တော်ဇာတ်လမ်းသွားဂိမ်းအမျိုးအစားကိုပါ ပြန်လည်သစ်လွင်လာစေတဲ့ Hideaki Itsuno ရဲ့ လက်ရာြမောက်ဖန်တီးမှုတစ်ခုလည်း ဖြစ်ပြန်ပါတယ်။ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအကြိုက်တွေ့ကြတဲ့ Devil May Cry 5 ဟာ နာမည်ကျော် DMC စီးရီးတစ်ခုလုံးကို ရှေ့ဆက်လှမ်းဖို့ ခွန်အားတွေပေးခဲ့တဲ့အပြင် ဟိုးအရင် ၂၀၀၀ ခုနှစ်အစကတည်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့ ဂိမ်းဇာတ်ကောင်တွေကို ဂိမ်းချစ်သူပရိသတ်များက အခုအချိန်ထိချစ်မြတ်နိုးနေကြဆဲဆိုတာ အတိုင်းသားပေါ်လွင်စေခဲ့ပါတယ်။ DMC 5 ထွက်ရှိခဲ့တာအချိန်တစ်နှစ်ကျော်ခဲ့ပြီမို့ စီးရီးနဲ့ပတ်သက်တဲ့ သတင်းအစအနတွေဟာလည်း ငြိမ်သက်နေခဲ့တာအချိန်အတိုင်းအတာတစ်ခုရှိပါပြီ၊ ၂၀၀၈ ခုနှစ်ကစပြီး ၂၀၁၉ ခုနှစ်အထိ အချိန် ၁၁ နှစ်တိတိကြာမြင့်ခဲ့ပြီးမှ ထွက်ရှိလာခဲ့တဲ့ Devil May Cry 5 အတွက် DMC ချစ်ပရိသတ်များက ဂုဏ်လည်းယူသလို Dante နဲ့ Vergil တို့တွေ့ဆုံအပြီး နောက်ထပ်ဘာတွေထပ်ပြီးဖြစ်လာဦးမလဲဆိုတဲ့ သိချင်ဇောပြင်းပြစွာနဲ့ မေးခွန်းတွေထုတ်လို့နေကြပါတယ် 💙❤️

နောက်ဆုံးထွက်ရှိခဲ့တဲ့ DMC 5 အတွက် အချိန် ၁၁ နှစ်စောင့်ခဲ့ရတဲ့အတွက် အသစ်လာမယ့် DMC 6 ဂိမ်းသစ်အတွက်လည်း အချိန်ဘယ်လောက်ထိ ထပ်မံစောင့်ဆိုင်းရဦးမလဲဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဂိမ်းချစ်သူပရိသတ်တွေအတွက် မျှော်လင့်ချက်ရေးရေးကို ပေးစွမ်းမယ့် သတင်းပေါက်ကြားချက်တစ်ခုက မကြာသေးခင်ကပဲ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ သိပ်မကြာတော့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာကျင်းပမယ့် Microsoft Event မှာထည့်သွင်းချက်အသစ်တွေပါဝင်တဲ့ Devil May Cry 5: Special Edition ကိုပါ ချပြသွားမယ်ဆိုတဲ့သတင်းကြောင့်ပါပဲ။ ဒီသတင်းဟာ 4chan လူမှုကွန်ယက်နေစပြီး Twitter နဲ့ Reddit တို့မှာ စတင်ပြန့်ပွားလာခဲ့တာဖြစ်ပေမယ့် Capcom နဲ့ Microsoft ပါတီနှစ်ဦးနှစ်ဖက်လုံးအတည်မပြုရသေးတဲ့အတွက် အမှန်တကယ်လို့ မှတ်ယူဖို့က အချိန်တစ်ခုကိုစောင့်ရဦးမှာပါ။ သို့ပေမယ့် ပေါက်ကြားလာတဲ့ leak ဟာ Devil May Cry 5: Special Edition ဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းမဟုတ်ပါဘူး၊ ဒီဂိမ်းမှာ အသစ်ပါဝင်လာမယ့်အရာတွေ၊ ထပ်မံထည့်သွင်းချက်တွေ၊ ပြင်ဆင်မွန်းမံမှုတွေနဲ့ Devil May Cry 5 ဂိမ်းကို မျိုးဆက်သစ်ဂိမ်းစက်များထဲမှာပါ Port သွင်းဆော့ကစားနိုင်မယ့် အချက်အလက်တွေ အကုန်ပြည့်စုံစွာဖော်ပြထားပါတယ်။ ဆိုတော့ကာ ရင်ခုန်နေတဲ့ပရိသတ်တွေအတွက် Devil May Cry 5: Special Edition မှာ ဘာတွေအသစ်ထပ်မံပါဝင်လာမလဲဆိုတာကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင် 🤓⬇️

Devil May Cry 5: Special Edition ဟာ သူ့ရဲ့နောက်က Devil May Cry 4 ရဲ့ Special Edition လိုပဲ Vergil, Lady, Trish အစရှိတဲ့ဇာတ်ကောင်သုံးယောက်ကို အသစ်ထည့်သွင်းသွားမှာဖြစ်ပြီး ကစားသူများကိုယ်တိုင် ကိုင်တွယ်ကစားနိုင်မှာဖြစ်ပါတယ်။ မူရင်းဂိမ်းမှာပါဝင်တဲ့ V ဟာ ဒီ Special Edition မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး စွမ်းရည်အသစ်၊ တိုက်ခိုက်ကွက်အသစ်နဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တချို့နဲ့ အစကနေအဆုံးအထိ ဂိမ်းတစ်လျှောက်လုံး မစ်ရှင်တွေအားလုံးကို V နဲ့ ဆော့ကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ မူရင်း DMC 5 ဂိမ်းကိုပိုင်ဆိုင်ထားသူများအဖို့ ဂိမ်းတွင်းမှာ ကိုယ်ရောက်ရှိနေတဲ့နေရာ၊ ပိုင်ဆိုင်ထားသမျှအရာတွေအားလုံးကို Special Edition ထဲ ပြောင်းရွေ့နိုင်မှာဖြစ်ပြီး ဇာတ်ကောင်တွေအတွက် ဝတ်စုံအသစ်တွေလည်း ပါဝင်လာဦးမှာပါ။ လတ်တလောသိရသလောက်ကတော့ Lady နဲ့ Trish အတွက် Bikini ဝတ်စုံသစ်တစ်စုံစီနဲ့ Nero နဲ့ Dante အတွက်ကတော့ DMC 4 က ဝတ်စုံတွေ ဆင်မြန်းနိုင်မှာဖြစ်တယ်ဆိုတာပါပဲ။ ကဲ အားလုံးစောင့်မျှော်နေတဲ့အရာဟာ အခုမှလာပါပြီ၊ အဲဒါကဘာလဲဆိုတော့ ဒီ Devil May Cry 5: Special Edition မှာ Vergil အတွက် သီးသန့်ဇာတ်လမ်းကိုထည့်သွင်းထားပြီး တစ်ယောက်တည်း campaign အဖြစ် ဂိမ်း mission ငါးခုကို တစ်ကိုယ်တော်ခရီးစဉ်ဆန်ဆန် ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဂိမ်းအခန်းငါးခုမှာ Vergil ဇာတ်ကောင်ကိုကိုင်တွယ်ပြီး သူ့ရဲ့ရှုထောင့်ကနေ ဘယ်လိုအရာတွေကို တွေ့မြင်ဆော့ကစားရမှာလဲဆိုတာကတော့ လက်ရှိအချိန်မှာ မသိရသေးပါဘူး (အဲဒီသတင်းကိုကြားပြီးချင်းပဲ ထခုန်မတတ်ဝမ်းသာမိပါတယ်၊ Vergil နဲ့တွေ့ဆုံနိုင်ဖို့ စောင့်မျှော်နေတာ DMC 4 SE ကတည်းကဆိုရင် အချိန် ၆ နှစ်တိတိရှိခဲ့ပါပြီ)။ အထက်ပါဖော်ပြချက်တွေအပါအဝင် Devil May Cry 5: Special Edition မှာ အသစ်ထပ်မံဖန်တီးထားတဲ့ လျှို့ဝှက်တဲ့ဂိမ်းဇာတ်သိမ်းအသစ် (New Secret Ending) DMC ဂိမ်းချစ်သူတွေအားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခံစားရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလောက်ဆိုရင်တော့ လုံလောက်သွားပါပြီ၊ မကြာခင်ရောက်ရှိလာတော့မယ် ဇူလိုင်လရဲ့ Microsoft Event ရောက်ရင်တော့ ဒီသတင်းတွေမှာ စစ်မှန်ကြောင်းရှိမရှိ သိရတော့မှာပါ 🧐📡

ထပ်မံဖြည့်စွက်ချက်အနေနဲ့ Devil May Cry 5: Special Edition ကို Playstion 5, Playstation 4, X Box Series X, X Box One နဲ့ PC ဖလက်ဖောင်းတို့မှာ ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပြီး ၂၀၂၀ ခုနှစ်ရဲ့ အားလပ်ရက်ရာသီမှာ ထွက်ရှိလာနိုင်ဖွယ်ရာရှိတယ်လို့ မျှော်မှန်းရပါတယ်။ ဈေးနှုန်းအနေနဲ့ မူရင်းဂိမ်းရဲ့ဒီဂျစ်တယ်ဗားရှင်းကို ပိုင်ဆိုင်ထားသူများအတွက်ဆိုရင် ဒေါ်လာ ၂၅ ကျပ်တည်းသာ ကျသင့်မှာဖြစ်ပြီး မူရင်းဂိမ်းပါဝင်တဲ့ Special Edition ဂိမ်းတစ်ခုလုံးကို ပြန်လည်ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၅၀ အတိ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ လောလောဆယ် ဂိမ်မာတွေမျှော်လင့်နိုင်တာကတော့ ဒီပေါက်ကြားချက် leak တွေဟာ တကယ့်သတင်းအစစ်အမှန်ဖြစ်ပါစေဆိုတာပါပဲ။ ဂိမ်းလောကသက်တမ်းတစ်လျှောက်မှာ အခုလိုပေါက်ကြားခဲ့တဲ့ leak တွေဟာ အရမ်းတိကျနေလွန်းရင် မှန်ကန်တတ်ပါတယ်၊ ဆိုတော့ကာ အခု Devil May Cry 5: Special Edition နဲ့ ပတ်သက်တဲ့သတင်းတွေဟာလည်း ဘယ်လိုလာမလဲဆိုတာကတော့ အချိန်စောင့်ရင်း မျှော်ရတော့မှာဖြစ်ပါတယ်။ ဒီသတင်းဆောင်းပါးမှာတော့ Devil May Cry 5: Special Edition သတင်းကိုတင်ဆက်ရင်း အားလုံးကိုနှုတ်ဆက်လိုက်ရပါတယ်၊ အခုလိုစိတ်ဝင်စားစရာဂိမ်းအကြောင်းအရာတွေနဲ့ နောင်လာမယ့်ဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 💐
Yan
No comments:
Post a Comment