Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, June 2, 2020

၂၀၃၆ ခုနှစ်မှာဇာတ်အိမ်တည်ထားတဲ့ Bright Memory: Infinite ဒါမှမဟုတ် လူတစ်ဦးတည်းက ရေးဆွဲဖန်တီးထားတဲ့ AAA စံနှုန်းထားနဲ့ ဂိမ်းတစ်ခု 🌺✨


ဂိမ်းချစ်သူပရိသတ်တွေကို စိတ်ဝင်စားစရာဂိမ်းဆောင်းပါးတွေ ပုံမှန်တင်ဆက်ပေးဖို့ အချိန်ကျရောက်လို့လာပြန်ပါပြီ။ လတ်တလောမှာ ဖော်ပြလိုတဲ့အကြောင်းအရာပေါင်းများစွာရှိတဲ့ထဲကမှ ဒီတစ်ခေါက်ကိုတော့ ဂိမ်းချစ်သူတွေကို အရင်ဆုံးသိစေချင်တဲ့ Bright Memory: Infinite ဆိုတဲ့ ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဘာကြောင့်လည်းဆိုတော့ အဲဒီဂိမ်းဟာ လူတစ်ဦးတစ်ယောက်တည်းက အစစအရာရာ ခေါင်းစခြေဆုံးဖန်တီးထားခဲ့တဲ့ AA အဆင့်အတန်းမှီတဲ့ ဂိမ်းတစ်ခုဖြစ်လို့ပါပဲ။ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ ဆက်သွားကြစို့ဗျာ။ လက်ရှိအချိန်ဟာ မျိုးဆက်သစ်ဗီဒီယိုဂိမ်းတွေကို စင်တင်ပွဲဦးထုတ်မယ့် အချိန်ကာလဖြစ်တာမို့ ဂိမ်းလောကတစ်ခုလုံးဟာ ဟိုးအရင်အချိန်တွေတုန်းကထက်ကိုပိုပြီး စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။ တစ်ကမ္ဘာလုံးကပရိသတ်တွေဟာ ကိုယ်နဲ့ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်တဲ့ ဂိမ်းပလက်ဖောင်းအလိုက် ရသစုံပေးစွမ်းပြီး အရည်အသွေးမြင့်တဲ့ ဂိမ်းပေါင်းများစွာကို နှစ်ခြိုက်မြတ်နိုးစွာ ဆော့ကစားခဲ့ကြတာ အခုချိန်ထိပါပဲ။ အခုလိုမျိုးပူပူနွေးနွေးအချိန်မှာ မျိုးဆက်သစ်ဂိမ်းဖန်တီးထုတ်လုပ်သူများဟာ သူတို့ဘက်က ချပြနိုင်တဲ့အမိုက်စားဂိမ်းတွေကို စနစ်တကျ အစီအစဉ်အလိုက် ပရိသတ်တွေဘဝင်ခိုက်စေဖို့ ထုတ်ဖော်ပြသလာကြပါတယ်။ အဲဒီလိုထုတ်ဖော်မှုတွေထဲမှာမှ သိပ်မကြာခင်ကပြုလုပ်ခဲ့တဲ့ X Box ရဲ့ May 7 Inside X Box Event မှာ ပြသသွားတဲ့ Bright Memory: Infinite ဂိမ်းကတော့ ပရိသတ်တွေရဲ့ရင်ထဲထူးခြားစွာပဲ စွဲကျန်လို့နေခဲ့ပါတယ်။ အဲဒါဟာ ဂိမ်းမှာပါဝင်တဲ့ သွတ်လတ်မြန်ဆန်ပြီး စတိုင်ကျလွန်းတဲ့ ဂိမ်းစနစ်ကြောင့်လား? သိပ္ပံအက်ရှင်ကားထဲကဇာတ်ဝင်ခန်းတွေလို ရင်သပ်ရှုမောဖွယ်တွေ့မြင်ဆော့ကစားနိုင်တဲ့ အပစ်အခတ်ကစားဟန်ကြောင့်လား? ဒါမှမဟုတ် လန်ပြန်ထွက်နေတဲ့ဇာတ်ကောင်ဒီဇိုင်းတွေနဲ့ ရှုမငြီးဖြစ်စေတဲ့ရုပ်ထွက်ဂရပ်ဖစ်ကြောင့်လား? သေချာပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ အခြားဂိမ်းတွေနဲ့မတူတဲ့ ဒီဂိမ်းရဲ့ကွဲပြားတဲ့အကြီးမားဆုံးအချက်က ဘာလဲဆိုတော့ ဒီ Bright Memory: Infinite ဂိမ်းဟာ လူတစ်ဦးတစ်ယောက်တည်းက ရေးဆွဲဖန်တီးခဲ့တဲ့ဂိမ်းတစ်ခု ဖြစ်နေတာကြောင့်ပါပဲ 🌱🌳



၂၀၂၀ ခုနှစ်အရောက်မှ ဂိမ်းပရိသတ်တွေနဲ့ မီဒီယာကြားထဲတစ်စတစ်စ လူသိများလာခဲ့တယ်ဆိုပေမယ့် Bright Memory ဂိမ်းရဲ့ ကနဦးခရီးစဉ်ဟာ လွန်ခဲ့တဲ့သုံးနှစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီဂိမ်းကိုရေးဆဲဖန်တီးတဲ့ တစ်ဦးတည်းသော developer ကတော့ Zeng Xiancheng လို့အမည်ရတဲ့ တရုတ်နိုင်ငံသားဂိမ်းရေးဆွဲသူဖြစ်ပါတယ်။ Zeng ဟာ လွတ်လပ်တဲ့ ဂိမ်းရေးဆွဲသူတစ်ဦးဖြစ်ပြီး FYQD ဆိုတဲ့ဂိမ်းစတူဒီယိုကို တည်ထောင်ထားပါတယ် (တစ်ဦးတည်းပိုင်တဲ့ ဂိမ်းစတူဒီယိုဖြစ်ပါတယ်)။ ဒီ Bright Memory ဂိမ်းဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အကြိုဝင်ဆော့ကစားနိုင်တဲ့ early access ကိုဖွင့်ပေးခဲ့ပြီး ဂိမ်းရဲ့ပထမဦးဆုံးအခန်းဖြစ်တဲ့ Episode 1 ကို ထုတ်ပေးခဲ့ပါတယ်။ Zeng ဟာသူရဲ့အားလပ်ချိန်တွေမှာ ဒီဂိမ်းကိုအပတ်တကုတ် အားထုတ်ဖန်တီးနေတာဖြစ်တယ်လို့ ပြောပြထားပြီး Bright Memory ဆိုတဲ့နာမည်ကနေ ဂိမ်းတစ်ခုလုံးရဲ့အမည်ကို Bright Memory: Infinite လို့ပြောင်းလဲမှည့်တွင်လိုက်တယ်လို့ ဆိုပါတယ်။ Bright Memory: Infinite ဂိမ်းဟာ Zeng တစ်ဦးတည်းဖန်တီးတဲ့ ဂိမ်းတစ်ခုဖြစ်ပေမယ်လို့ ဂိမ်းကောင်းတစ်ခုဖြစ်မြောက်လာဖို့ ကဏ္ဍပေါင်းစုံကဝန်းရံဖို့လိုအပ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ ဂျပန်ဂိမ်းဖန်တီးသူ Playism က လိုအပ်သမျှကို ကူညီထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ Zeng ဟာ ဂိမ်းတစ်ခုလုံးကို Unreal Engine 4 နဲ့ ခေါင်းစခြေဆုံးဖန်တီးခဲ့တာဖြစ်ပြီး သူ့ရဲ့ဂိမ်းလေးစတင်အကောင်အထည်ပေါ်လာချိန်မှာတော့ Epic Games ရဲ့ Unreal Developer Grants ဆီက ပရောဂျက်ရဲ့ကုန်ကျစရိတ်အတွက် ဘတ်ဂျက်အထောက်အပံ့ကို ရရှိခဲ့ပါတယ်။ နာမည်ကျော်ဂိမ်းဖန်တီးသူစတူဒီယိုများရဲ့ ခေတ်ကိုထပ်ဟပ်တဲ့ ရသစုံဂိမ်းတွေလောက် အစစအရာရာပြီးပြည့်စုံရှိတယ်လို့ မဆိုသာပေမယ့် Bright Memory: Infinite ဟာ အချို့သော AAA ဂိမ်းများထက် သာလွန်တဲ့အတွေ့အကြုံကို ပေးစွမ်းနေတယ်ဆိုတာ အနေအထားကိုအကဲခတ်လိုက်တာနဲ့ အသေအချာသိမြင်နိုင်ပါတယ် 🎮✨



Bright Memory: Infinite ရဲ့ဂိမ်းအမျိုးအစားဟာ သိပ္ပံအက်ရှင်အမျိုးအစားဖြစ်ပြီး ၂၀၃၆ ခုနှစ်မှာ ဂိမ်းဇာတ်အိမ်ကိုတည်ထားပါတယ်။ ကိုယ်ဟာ လျှို့ဝှက်ဆန်းကြယ်သိပ္ပံအချင်းအရာများကို စူးစမ်းလေ့လာတဲ့ SRO (Supernatural Science Research Organization) အဖွဲ့ထဲက အဖွဲ့ဝင် Shelia အဖြစ် ဝင်ရောက်ဆော့ကစားရမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Shelia ဟာ အတိုက်အခိုက်ကျွမ်းကျင်ပြီး ရဲရင့်ပါးနပ်တဲ့ မိန်းမသားသူရဲကောင်းတစ်ယောက်ဖြစ်ပြီး Zeng အနေနဲ့ ဒီဂိမ်းမှာအခြားသော ဂိမ်းတွေနဲ့မတူတဲ့ ကွဲပြားခြားနားမှုကိုပေးစွမ်းဖို့ ရည်ရွယ်ထားပုံပါပဲ။ Bright Memory: Infinite ဟာ First Person Shooter Hack and Slash ဂိမ်းတစ်ခုဖြစ်ပြီး အပစ်အခတ်သာမက အတိုက်အခိုက်အခုတ်အထစ်နဲ့ စတိုင်ကျတဲ့အက်ရှင်ဇာတ်ကွက်တွေကြားမှာ ရန်သူတွေကို အပြတ်တိုက်စစ်ဆင်ရမယ့်အနေအထားပါပဲ။ ဂိမ်းဆော့ကစားရမယ့်ပုံစံကို မြင်သာအောင်ပြောရမယ်ဆိုရင်တော့ Titanfall ရဲ့အသွားအလာပုံစံ၊ အပစ်အခတ်စနစ်နဲ့ Devil May Cry ရဲ့ဟန်ပန်ကျတဲ့ အတိုက်အခိုက်စနစ်ကို ပေါင်းစပ်ထားတဲ့ ဖော်မြူလာကိုအခြေခံထားပါတယ်။ ကိုယ်တီထွင်နိုင်စွမ်းကွန့်မြူးရင် ကွန့်မြူးနိုင်သလောက် ရန်သူတွေကို မြေလျှိုးမိုးပျံ အကွက်ကျကျတိုက်ခိုက်ရမယ့် ဂိမ်းတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး။ 



ဒီဂိမ်းနောက်ကွယ်က ရေးဆွဲဖန်တီးသူဖြစ်တဲ့ Zeng ဟာ ဂိမ်းဇာတ်ကြောင်းမှာ အချိန်ကိုနောက်ပြန်သွားလို့ရတဲ့ အာကာသယာဉ်ပျံကြီးနဲ့အတူ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ဆာမူရိုင်းခေတ်ကနေ အခုလက်ရှိအချိန်အထိ ကြားကာလမှာဘာတွေဖြစ်ခဲ့သလဲဆိုတာကို ရှာဖွေရမှာဖြစ်တယ်လို့လည်း အရိပ်အမြွက်ပြောထားပါသေးတယ်။ ကနဦးတုန်းက Bright Memory: Infinite ကို PC, Playstation နဲ့ X Box အစရှိတဲ့ ပလက်ဖောင်းအားလုံးမှာ ဖြန့်ချိဖို့ရာထားပေမယ့် အခုလောလောဆယ်မှာတော့ PC, X Box One နဲ့ X Box Series X ပလက်ဖောင်းတွေအပေါ်မှာပဲ တွေ့မြင်ခံစားနိုင်ပါတယ်။ Zeng ရဲ့ကြိုးစားအားထုတ်ထားမှုနဲ့ သူကိုယ်တိုင်အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဒီ Bright Memory: Infinite ဂိမ်းဟာ အတော်လေးတော့ ချီးကျူးဖို့ကောင်းသလို ဂိမ်းချစ်သူတစ်ယောက်အနေနဲ့ရော၊ ဂိမ်းလောကတစ်ခုလုံးကပါ အားပေးထောက်ပံ့သင့်တဲ့လုပ်ရပ်မျိုးပါပဲ။ အဲဒါကြောင့်မို့ပဲ Zeng ဟာ သူပေးဆပ်ထားတာနဲ့ ပြန်လည်ကိုက်ညီတဲ့ တန်ပြန်မှုကိုအခုချိန်မှာ ခံစားနေရတာဖြစ်ပါတယ်။ ဒီ Bright Memory: Infinite ဂိမ်းကို ပရိသတ်တွေကြားထဲပိုမို ပြန့်နှံ့စိမ့်ဝင်သွားစေဖို့ ရည်ရွယ်ချက်နဲ့ရော Zeng ရဲ့လုပ်ရပ်ကို အားပေးတဲ့အနေနဲ့ပါ ဒီဆောင်းပါးကိုရေးသားတင်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တစ်တပ်တစ်အား ရရာနေရာကနေ Zeng ကို အားပေးနေသလို ဒီဆောင်းပါးနဲ့အတူ shoutout လုပ်လိုက်ရပါတယ်။ ဆိုတော့ကာ Bright Memory: Infinite ကို စိတ်ဝင်စားသူများအနေနဲ့ အင်တာနက်ကွန်ယက်တွေမှာ ဂိမ်းတွင်းဗီဒီယိုတွေကို ရှာဖွေကြည့်ရှုနိုင်ပြီး ကိုယ်တိုင်ဆော့ကစားလိုသူများကလည်း demo ကို ဒေါင်းလုဒ်လုပ်ဆော့ကစားနိုင်သလို ဒေါ်လာ ၁၀ ကျပ်နှုန်းနဲ့ Episode 1 ကို Steam မှာ ရယူနိုင်ပါတယ် ☄️☄️

ကဲ ဒီတစ်ခေါက်တင်ပြလိုတဲ့အကြောင်းအရာကတော့ ဒီလောက်ပါပဲ။ သိပ်မကြာခင်မှာပဲ အခုလိုစိတ်ဝင်စားဖို့ကောာင်းတဲ့ ဂိမ်းဆောင်းပါးတွေနဲ့ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြပါမယ်။ ဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်းပြောရင်း Bright Memory: Infinite ဂိမ်းတစ်ခုလုံးရဲ့ အမြည်းကိုတော့ ပို့စ်မှာပါတဲ့ ဓါတ်ပုံတစ်ပုံချင်းစီကိုထောက်ရင်း ကြည့်ရှုခံစားနိုင်ပါတယ် 📱🖱





















Yan

No comments:

Post a Comment